တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အစိုးရဌာနများမှ ဝန်ထမ်းများ အဂတိလိုက်စားပါက အလုပ်ထုတ်ပစ် မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောကြားလိုက်သည်။

tanintharyi-minister

အဂတိလိုက်စားသည့် ဝန်ထမ်းများကို အလုပ်ထုတ်ပစ်မည့်အကြောင်းကို တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က စက်တင်ဘာလ ၂၁ ရက်နေ့က ထားဝယ်မြို့တွင်ပြုလုပ်သော အမျိုးသမီးများ အသံဖိုရမ်တွင် ပြောကြားသည်။

“ရုံးလေးအထဲမှာ ပြည်သူရဲ့ဘဏ္ဍာကိုစားပြီးတော့ လူလူချင်းလှည့်စားနေတာကို လုံးဝ၊ လုံးဝ ကျွန်မလက် မခံပါဘူး၊ အလုပ်ထုတ်ပစ်ပါမယ်”ဟု ဒေါက်တာလဲ့လဲ့မော်က ပြတ်ပြတ်သားသား ပြောဆိုသည်။

တိုင်းပြည်ဆုတ်ယုတ်ခြင်း၊ မဖွံ့ဖြိုးမတိုးတက်ခြင်းမှာ ဝန်ထမ်းများအဂတိလိုက်စားခြင်း၏ တစ်စိတ်တစ်ပိုင်း အားဖြင့်ပါဝင်နေခြင်းကြောင့် ဝန်ထမ်းများ အဂတိလိုက်စားပါက တိတိကျကျ အရေးယူမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။

ဝန်ကြီးချုပ်၏ မဲဆန္ဒနယ်မြေဖြစ်သော ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် မှတ်ပုံတင်ပြုလုပ်သူထံမှ ၁၅၀ဝ၀ ကျပ်ယူသော ဝန်ထမ်းကို အရေးယူမှုများပြုလုပ်ခဲ့ပြီး နောက်တစ်ကြိမ် ထပ်မံ၍ ၁၅၀ဝ၀ ကျပ်ယူခဲ့၍ ဝန်ထမ်း ကို နေရာပြောင်းရွှေ့ပေးခဲ့ခြင်းကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က အဂတိလိုက်စားသည့် ဝန်ထမ်းများကို နေရာပြောင်းရွှေ့မပေးဘဲ အလုပ်ထုတ်ပစ်ရန် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီး ချုပ်အား ပြောဆိုထားသည်ဟု သိရသည်။

ပြည်သူ့ဘဏ္ဍာကိုစားပြီး ပြည်သူ့အကျိုးကိုဖော်ဆောင်သည်ဖြစ်စေ၊မဖော်ဆောင်သည်ဖြစ်စေ ဝန်ထမ်း များအကျိုးကို ညှာတာသောအားဖြင့် ပြောင်းရွှေ့ပေးခဲ့ခြင်းဖြစ်သော်လည်း နောက်ဆိုလျှင် အလုပ်ထုတ် ပစ်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောဆိုသည်။

“တနင်္သာရီတိုင်းအတွင်းမှာ နောက်ကို လုံးဝ၊ လုံးဝခွင့်မလွှတ်ပါဘူး၊ ဘယ်ဝန်ထမ်းကိုမှ ခွင့်မလွှတ်ပါဘူးရှင်၊ အလုပ်ထုတ်ပစ်မယ်” ဟု ၎င်းက ထပ်လောင်း ပြောဆိုသည်။

အစိုးရသစ်လက်ထက် သမ္မတရုံးက ထုတ်ပြန်သည့် လက်ဆောင်ပစ္စည်းလက်ခံခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်ချက် တွင် အစိုးရအဖွဲ့ဝင်များနှင့်ဝန်ထမ်းများသည် မိမိရာထူးကြောင့်ပေးအပ်သည်ဟု ယူဆရ သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ ထံမှ ပေးအပ်သော လက်ဆောင်ပစ္စည်းများကို လက်ခံခြင်းမပြုရဟု ဖော်ပြထားသည်။

ပုဂ္ဂိုလ်အဖွဲ့အစည်းများကပေးလျှင် တစ်ကြိမ်လျှင် ကျပ် ၂၅,ဝ၀ဝ ထက်မပိုဘဲ တစ်နှစ်လျှင် ကျပ်တစ်သိန်း ထက်မပိုသော လက်ဆောင်ပစ္စည်းများနှင့် အခါကြီး ၊ရက်ကြီးများတွင် ဂါရဝပြုပေးအပ်သည့် ကျပ်တစ် သိန်းထက်မပိုသော လက်ဆောင် ပစ္စည်းများကိုသာ ခြွင်းချက်အဖြစ် လက်ခံခွင့်ပြုကြောင်း ဧပြီ ၄ ရက်တွင် သမ္မတရုံးက ထုတ်ပြန်ခဲ့သော လက်ဆောင်ပစ္စည်းလက်ခံခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်ချက် တွင် ဖော်ပြထားသည်။

ဖွံ့ဖြိုးမှုနောက်ကျနေသော မြန်မာနိုင်ငံသည် လာဘ်ပေး၊လာဘ်ယူမှုနှင့် အဂတိလိုက်စားမှု မြင့်မားသည့် နိုင်ငံများတွင်ပါဝင်နေဆဲဖြစ်ကြောင်း ၂၀၁၅ ခုနှစ်အတွင်း နိုင်ငံတကာအဖွဲ့အစည်းများက ထုတ်ပြန်ထားသည့် အစီရင်ခံစာများတွင်ဖော်ပြခဲ့ကြပြီး ယခုအစိုးရလက်ထက်တွင် ယင်းပြဿနာများ လျော့ကျလာရန် ပြည်သူများက မျှော်လင့်လျက်ရှိကြသည်။

Leave a Reply