Advertisements

ခိုနူမ်းသုန်သတင်း၊ ၂၁ မတ်လ ၂၀၁၉

By လားနွန်

ချင်းပြည်နယ်တောင်ပိုင်း မတူပီခရိုင်ရုံးကို ဒေသခံပြည်သူများတင်ပြတောင်းဆိုထားသည့် မြေနေရာတွင်မတည်ဆောက်ဘဲ မြို့တွင်းနှင့် ၈ မိုင်ခန့်ဝေးသောနေရာတွင် တည်ဆောက်ရန် ချင်းပြည်နယ်အစိုးရမှ စီစဉ်နေမှုကို ဆန့်ကျင်သည့် အနေဖြင့် ဒေသခံပြည်သူများမှ ထပ်မံဆန္ဒဖော်ထုတ်ကြမည်ဟုသိရသည်။

မတူပီ မြို့မိမြို့ဖတစ်ဦးဖြစ်သည့် ဦးတိတ်မင်းက “ခရိုင်ရုံးကို ကျွန်တော်တို့ လူထုအနေနဲ့တော့ မြို့တွင်းမှာ ဖြစ်စေချင် တာလေ၊ မြို့တွင်းမှာဖြစ်စေချင်တာ ဘာဖြစ်လို့ ပြည်နယ်အစိုးရက ကျွန်တော်တို့ မြို့မိမြို့ဖရယ် ၊ နောက် စည်ပင်ကော်မတီရယ် ၊ လူမှုအဖွဲ့အစည်းရယ်၊ ပြီးတော့ လေးရပ်ကွက်အုပ်ချုပ်ရေးမှူးရယ် ၊ ဌာနဆိုင်ရာ ရယ် ၊ လွှတ်တော်ကိုယ်စားလှယ် နှစ်ယောက်ရယ် ၊ အကုန်လုံးဆုံးဖြတ်ချက်နဲ့ ပြည်နယ်အစိုးရကိုတင်ပြတယ် ။ ဒါပေမဲ့ ပြည်နယ်အစိုးရက ကျွန်တော်တို့ တင်ပြချက်ကို လုံးဝလျစ်လျူထားတဲ့အတွက်ကြောင့်မို့လို့ ထပ်မံဆန္ဒဖော်ထုတ်မှာ” ဟု ပြောသည်။

ဆန္ဒဖော်ထုတ်မည့် နေ့ရက်ကိုမူ သတ်မှတ်ခြင်းမရှိသေးသည့်အတွက် ပြောဆိုနိုင်ခြင်းမရှိသေးကြောင်း ဦးတိတ်မင်းက ဆက်ပြောသည်။

မတူပီမြို့ဒေသခံတစ်ချိူ့က ခရိုင်ရုံးကို မတူပီမြို့ပေါ် ယခုလက်ရှိထွေအုပ်ရုံးနေရာအနီးတွင် တည်ဆောက်ရန် ဆန္ဒရှိကြပြီး ဒေသခံတစ်ချို့ကမူ မြို့တွင်းနှင့် ၈ မိုင်ခန့်ဝေးသော မတူပီ-ဟားခါးလမ်းမနဘေး ဖနိုင်-ငလိုင်ဒေသဘက်တွင် တည်ဆောက်ရန် ဆန္ဒရှိကြသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး ဒေသခံပြည်သူများအကြား အငြင်းပွားမှုဖြစ်ပွားကာ အပြန်အလှန်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။

နောက်ဆုံးတွင် ချင်းပြည်နယ်အစိုးရက ခရိုင်ရုံးတည်ဆောက်မည့်အသင့်တော်ဆုံးမြေနေရာ ၅ နေရာကို ပညာရှင်များ အား ဆန်းစစ်လေ့လာခိုင်ပြီးနောက် ဖနိုင်-ငလိုင်ကျေးရွာတွင် တည်ဆောက်ရန်အတည်ပြုခဲ့ခြင်းဖြစ်သည်။

ပညာရှင်များ လာရောက်ကွင်းရှင်းတိုင်းတာသည့်အချိန်တွင် ၎င်းတို့ဆန္ဒပြုသည့် မြို့တွင်းမြေနေရာများကို တိုင်းတာခွင့်မပြုခဲ့ဘဲ ပြည်နယ်အစိုးရက တစ်ဖက်သတ်ဖြင့် ရွေးချယ်ခဲ့သည်ဟု ဦးတိတ်မင်းကပြောသည်။

“ပညာရှင်တွေကလည်း ပြည်နယ်ဖိအားနဲ့ပဲလုပ်တာအမှန်ဆိုတော့ ပညာရှင်တွေကို မြို့ပေါ် မြို့ဝန်းကျင်ရဲ့နေရာတွေ မြို့ပေါ်က ပတ်ဝန်းကျင်နေရာတွေအများကြီးရှိတယ်၊ ကျွန်တော်အကုန်လုံးကွင်းဆင်းပြသတယ် ။ ဒါပေမဲ့ အိုးအိမ်ဦးစီးဌာနက မြို့ဝန်းကျင်ကိုလုံးဝတိုင်းတာမှုမရှိဘူး၊ ဘာဖြစ်လို့လဲဆိုပြီးကျွန်တော်တို့မေးတဲ့အခါကျတော့ ပြည်နယ်အစိုးရကခွင့်မပြုဘူးတဲ့ ။ မြို့ဝန်းကျင်မှတိုင်းတာဖို့က ခွင့်မပြုဘူးတဲ့၊ အဲဒါနဲ့ မြို့ဝန်းကျင်မှာနေရာရှိရဲ့သားနဲ့ အိုးအိမ်ကိုတိုင်းတာခွင့်မပြုဘူး။ အဲဒါကျတော့ တစ်ဖက်သက်ဆန်လွန်းတယ် ၊ အဲဒါကြောင့် ကျွန်တော်တို့ကတော့ ကန့်ကွက်တာ” ဟု ဦးတိတ်မင်းကပြောသည်။

မတူပီမြို့နယ်သည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇွန်လကတည်းက မတူပီနှင့် ပလက်ဝနယ်ကို စုစည်း၍ မတူပီခရိုင် အဖြစ်တိုးမြှင့်သတ်မှတ်ပြီးဖြစ်သော်လည်း ခရိုင်ရုံးတည်ဆောက်မည့် မြေနေရာအငြင်းပွားမှုကြောင့် ယနေ့ချိန် ထိ ခရိုင်ရုံးတည်ဆောက်နိုင်ခြင်းမရှိသေးခြင်းဖြစ်သည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ မတူပီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်းက “ပညာရှင် အမှတ်ပေးစရင်းတွေကို မြို့မိမြို့ဖတွေထံ ဒီလိုဒီလိုရှိပါတယ်ဆိုပြီး ချပြပေးဖို့တော့လိုနေတယ် ။ ဒါပေမဲ့အိုးအိမ် ပညာရှင်အဖွဲ့ကတော့ ကျွန်တော့်ကိုပြောတယ်။ ၂၀၁၈ ခုနှစ် ၇ လပိုင်းကသူတို့ ကွင်းဆင်းပြီးတော့ ရှင်းပြတာတဲ့ အခြေအတင်ဖြစ်နေကြလို့ ကောင်းကောင်းမရှင်းပြလိုက်ရဘူးလို့တော့ပြောပြတယ် ။ ကျွန်တော့်အထင်တော့ သူတို့ ဆန္ဒပြရင်လည်း ခရိုင်တည်ဆောက်မှုက နှောက်နှေးမှုမရှိလောက်ဘူး ။ အခုချိန်မှတော့ သူတို့လုပ်မယ့် ဟာကတော့ ရှေ့ဆက်လုပ်နိုင်မယ့် သဘောရှိတယ် ၊ ကျွန်တော်ကလည်း ဒီကဏ္ဍနဲ့ ပတ်သက်ပြီး အစိုးရရဲ့လုပ်ငန်းအပေါ်မှာ ဝင်စွက်ဖက်လို့မရဘူး” ဟုပြောသည်။

မတူပီခရိုင်ရုံးတည်ဆောက်ရန်အတွက် ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်းကျပ်သန်းပေါင်း (၁၈၂၄ ဒသမ ၉ ) ချထားပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးတင်မြင့် မတ်လ ၁၄ ရက်နေ့ကအမျိုးသားလွှတ်တော်တွင် ပြောကြားခဲ့ကြောင်းသိရသည်။

By လားနွန်

Advertisements
<

Leave a Reply