Advertisements

အိန္ဒိယနိုင်ငံက မြန်မာ ပဲ ဝယ်ယူမှုကို သြဂုတ် ၂၀ ရက်တွင် ပိတ်သိမ်းလိုက်၏။
ထိုသို့ ပိတ်သိမ်းလိုက်သည်နှင့်ပြည်တွင်း ပဲဈေးကွက်မှာလည်း ဂယက်ထသွားတော့သည်။ ပဲလုပ်ငန်းရှင် အများစုမှာလည်း ပြည်ပ ဝယ်လိုအား မရှိ၍ ညည်းညူသံများ ပေါ်ထွက်လာတော့သည်။

အိန္ဒိယ ပဲဝယ်မှု ပိတ်သိမ်းလိုက်ခြင်းကို မော်လမြိုင် စိုးပွဲရုံပိုင်ရှင် ဦးတင်စိုးက ယခုလိုဆို၏။ “အခုက ပဲတွေက ကုန်သည်တွေ၊ ပွဲစားတွေ၊ ပွဲရုံတန်းတွေမှာ အများကြီး ကျန်နေသေးတယ်၊ လက်ထဲမှာ ပိုက်မိထားတယ်၊ အဝယ်မရှိတော့ ဘာမှလုပ်လို့မရဘူး၊ ရပ်ထားရတာပေါ့” ဟူ၍။

ကျိုက်မရောမြို့နယ်မှ မတ်ပဲစိုက်တောင်သူ ဦးအောင်မျိုး ကလည်း ယခုလို မှတ်ချက်ပေးပါသည်။ “အိန္ဒိယက တင်ပို့ခွင့်ပေးတယ်လို့ အဖွဲ့ချုပ်က ပြောတော့ ဝမ်းသာသွားတယ်၊ ဈေးကတော့ ပြန်ကောင်းတော့မယ်ပေါ့၊ မျှော်လင့်မိတာ၊ အခုက လလည်းမကုန်သေးဘူး ပိတ်လိုက်ပြီဆိုတော့၊ ဈေးကကျပြီးရင်း ကျပဲ”ဟူ၍။ အိန္ဒိယအစိုးရသည် မြန်မာထွက် မတ်ပဲ တန်ချိန် တစ်သိန်းခွဲ၊ ပဲစင်းငုံ တန်ချိန် နှစ်သိန်းနှင့် ပဲတီစိမ်း တန်ချိန် တစ်သိန်းခွဲ စုစုပေါင်း ပဲတန်ချိန် ငါးသိန်းကို ယခုနှစ် ဇွန် ၁ ရက်မှ သြဂုတ် ၂၀ ရက်အထိ ဝယ်ယူခဲ့ခြင်းဖြစ်သည်။

နှစ်နိုင်ငံ ချုပ်ဆိုထားသော သဘောတူစာချုပ်အရ တန်ချိန် ငါးသိန်း ပြည့်သွားသဖြင့် ဝယ်ယူမှု ရပ်နားခဲ့ခြင်းလည်းဖြစ်၏။ အိန္ဒိယက ပဲဝယ်မှု ပိတ်သိမ်းပြီးနောက် ပြည်တွင်း ပဲဈေးကွက်၌ ပဲတီစိမ်း တစ်ပိဿာလျှင် ကျပ် ၁၄၀၀၊ ပဲတီရွှေဝါ တစ်ပိဿာကျပ် ၂၀၀၀ အထိရှိနေသော်လည်း မတ်ပဲကမူ တစ်ပိဿာ ၆၅၃ ကျပ် သာရှိနေသည်။ ထိုအခြေအနေကို ချောင်းဆုံမြို့နယ်မှ မတ်ပဲစိုက်တောင်သူ ဦးမြင့်ဦးက ယခုလို ပြောဆို၏။
“အခု မတ်ပဲတစ်ပိဿာဈေးက ကလေးမုန့်ဖိုးလောက်တောင် မရှိဘူး ဖြစ်နေတယ်”ဟု ဆိုသည်။

သို့သော်လည်း ၎င်းတို့မှာ မတ်ပဲ ရောင်းချပြီးမှသာ ငွေပေါ်မည်ဖြစ်သော်လည်း အရောင်းအဝယ်မရှိသောကြောင့် မျိုးသစ်ထပ်မံစိုက်ပျိုးရန်သာမကစားဝတ်နေရေးပါ အခက်အခဲဖြစ်နေသည်ဟု ဦးမြင့်ဦး က ပြောသည်။
မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံတွင် မတ်ပဲ တန်ချိန် နှစ်သိန်းခွဲကျော် ပြည်တွင်း၌ ကျန်ရှိနေသေးကြောင်း မွန်ပြည်နယ် ပဲ၊ နှမ်းကုန်သည်အသင်းထံမှသိရသည်။

မတ်ပဲ တင်ပို့ခွင့် ပိတ်လိုက်သောကြောင့် ကုန်သည်များနှင့်ပွဲရုံများတွင် မတ်ပဲများ ကျန်ရှိနေပြီး အရောင်းအဝယ်အေးနေသောကြောင့် လုပ်ငန်းရပ်ထားရသည်။ သို့သော်လည်း လုပ်ငန်းများ အများစုမှာ ကျန်နေသေးသော မတ်ပဲများကို အိန္ဒိယနိုင်ငံမှ ပြန်လည်ဝယ်ယူရန် မျှော်လင့်နေဆဲဖြစ်ကြောင်း ဦးတင်စိုးက ဆိုသည်။ 

မြန်မာထွက် မတ်ပဲကို တရုတ်၊ ပါကစ္စတန်နိုင်ငံတို့က ဝယ်ယူသော်လည်း မတ်ပဲမှာ ဆန်ခါတန်းဟုခေါ် သော အလုံးကြီး အမျိုးအစားကိုသာ ဝယ်ယူသဖြင့် ရောင်းတန်းမဝယ် ဖြစ်နေသည်ဟု ၎င်းကပြောသည်။
မတ်ပဲ ဈေးနှုန်း ဆက်တိုက်ကျဆင်းလာမှုကြောင့် မွန်ပြည်နယ် ပဲ၊ နှမ်းကုန်သည်အသင်းမှ အတွင်းရေးမှူး ဦးကျော်ခိုင်မြင့်က အစားထိုးသီးနှံစိုက်ပျိုးရန် အကြံပြု၏။
“အရင်က မတ်ပဲစိုက်တဲ့သူတွေ က ရွှေထီးဆောင်းခဲ့ရဖူးတယ်၊ အခုက မတ်ပဲအစား အခြားသီးနှံပြောင်းစိုက် မှရတော့မယ်၊ မြေကြီးကနေ ရွှေသီးတဲ့ခေတ်ကကုန်သွားပြီ”ဟု ၎င်းက ဆိုသည်။

မတ်ပဲအစား အခြား အစားထိုး သီးနှံများဖြစ်သော ဆောင်းနှမ်း၊ အစေ့ ထုတ်ပြောင်း၊ ပဲတီစိမ်းရွှေဝါ၊ ပဲလွန်းဖြူ၊ ပဲထောပတ်၊ မြေထောက်ပဲနှင့် ပဲပုတ်တို့ စိုက်ပျိုးရန်လိုကြောင်း ဦးကျော်ခိုင်မြင့်က အကြံပြု၏။
အစားထိုး သီးနှံစိုက်ပျိုးနိုင်ရန်အတွက်လည်း အသင်းအနေဖြင့် နည်းပညာ၊ မျိုးစေ့တို့ကို တတ်နိုင်သလောက် ထောက်ပံ့ပေးသွားဖို့ ရှိနေသည်ဟု ဆိုသည်။ သို့သော်လည်း မတ်ပဲ စိုက်တောင် သူများနှင့်လုပ်ငန်းရှင်များအတွက် မျှော်လင့်ချက် အနည်းငယ် ရှိနေပြန်၏။

အရင်းခံမှာ ပြီးခဲ့သည့်နှစ် စက်တင်ဘာလက မြန်မာထွက် မတ်ပဲများကို နီပေါနိုင်ငံက တန်ချိန် တစ်သိန်းကျော် ဝယ်ယူခဲ့ဖူးသည်။ ပဲဈေးကွက်မှာ ပြည်တွင်း၌ အလုပ်မဖြစ်သဖြင့် တခြားနိုင်ငံများက ဝယ်ယူမှုရှိလာပါက ဈေးတက်လာနိုင်သည်ဟု လုပ်ငန်းရှင် အများစုကမျှော်လင့်နေ၏။

ဖြစ်စဉ် အားလုံးကို ခြုံ၍ မွန်ပြည်နယ် ပဲ၊ နှမ်းကုန်သည်အသင်း အတွင်းရေးမှူး ဦးကျော်ခိုင်မြင့်က ယခုလိုမှတ်ချက်ပြု၏။
“အခြားနိုင်ငံတွေကနေ ပြန်ဝယ်လာမယ်ဆိုရင်တော့ ပြန်ပြီး ဦးမော့လာမှာပါ”ဟူ၍။

ထိုက်ထိုက်

Advertisements
<

Leave a Reply