
မော်လမြိုင် နိုဝင်ဘာ

အိန္ဒိယနိုင်ငံသို့ မတ်ပဲတင်သွင်းခွင့် လိုင်စင်များကို နိုဝင်ဘာလကုန်တွင် ပြန်လည်ချပေးမည်ဖြစ်ကြောင်း မွန်ပြည်နယ် ပဲ နှမ်းကုန်သည်အသင်းမှ အတွင်းရေးမှူး ဦးကျော်ခိုင်မြင့်က ပြောကြားသည်။

“အိန္ဒိယက မတ်ပဲတင်သွင်းခွင့် ပြန်ပေးတယ်ဆိုပေမယ့်လည်း သူတို့ပြည်နယ်တွေမှာ လိုအပ်နေသလောက်ပဲ ပြန်ဝယ်မှာဆိုတော့ တောင်သူတွေက မတ်ပဲတွေကို အများကြီး ပြန်စိုက်ချင်နေကြတယ်၊ မတ်ပဲအပြင် အခြားဆောင်းသီးနှံတွေကိုပါ စိုက်ပျိုးသင့်တယ်”ဟု ၎င်းက ပြောသည်။

မတ်ပဲ တင်သွင်းခွင့် လိုင်စင်ကို နိုဝင်ဘာလကုန်ပိုင်း၌ ချပေးသွားမည်ဖြစ်သော်လည်း မည်မျှ တင်ပို့ခွင့် ရရှိမည်ကို မသိရသေးကြောင်း ၎င်းက ပြောဆိုသည်။

သို့သော်လည်း မတ်ပဲတင်သွင်းခွင့်ကို အိန္ဒိယနိုင်ငံမှ အချိန်မရွေး ဖျက်သိမ်းနိုင်သောကြောင့် တောင်သူများ အနေဖြင့် မတ်ပဲကိုသာ အားကိုးပြီး မစိုက်ကြရန် အကြံပြု ပြောကြားသည်။

ယခင်နှစ်များတွင် မတ်ပဲစိုက်ပျိုးသောတောင်သူများသည် ဈေးကောင်းရရှိပြီး အဆင်ပြေခဲ့သောကြောင့် ယခုနှစ်တွင်လည်း မတ်ပဲကို ပြန်လည်စိုက်ပျိုးကြမည်ဖြစ်ကြောင်း ချောင်းဆုံမြို့နယ်မှ မတ်ပဲစိုက်တောင်သူ ဦးစိုးဝင်းက ပြောကြားသည်။

“ကျွန်တော်တို့ ကြားတာကတော့ မတ်ပဲတွေကို အိန္ဒိယက ပြန်ဝယ်တယ်၊ နောက်ပြိး တင်သွင်းခွင့် လိုင်စင်ပေးမယ်ဆိုတော့ မတ်ပဲ ပြန်စိုက်ချင်တာပေါ့နော်၊ ပြန်စိုက်ဖို့လည်း လုပ်နေတယ်၊ မတ်ပဲတွေ ခေတ်ကောင်းကို ပြန်ရောက်ပြီလို့ ထင်ပါတယ်”ဟု ၎င်းက ပြောသည်။

မတ်ပဲဈေးနှုန်းများသည် ယခုနှစ် အောက်တိုဘာလကုန်မှ စတင်ကာ ဈေးနှုန်းများ ပြန်တက်ခဲ့ပြီး လက်ရှိတွင် မတ်ပဲ တစ်ပိဿာ ၁၆ဝဝ ကျပ်ထိ မြင့်တက်လာခဲ့ကြောင်း ဆက်လက်ပြောသည်။

ပြည်ပနိုင်ငံမှ ဝယ်လိုအားကောင်းနေသော နှမ်း၊ ပဲတီရွှေဝါနှင့် ပြောင်းများကိုလည်း ကြားညှပ်စိုက်ပျိုးထားရန် လိုအပ်ပြီး တောင်သူများအနေဖြင့် မျိုးစေ့များ လိုအပ်ပါက ဝယ်ယူနိုင်ရန် ဆောင်ရွက်ထားပေးကြောင်း ဦးကျော်ခိုင်မြင့်က ဆိုသည်။

မွန်ပြည်နယ် ပဲ၊နှမ်းကုန်သည်အသင်းတွင် အရည်အသွေး ပြည့်မီသော မတ်ပဲမျိုး ၈တန်ခန့်သာ ကျန်ရှိသောကြောင့် တောင်သူများ ပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် ပဲခူးမြို့မှ မျိုး ၁ဝတန် ထပ်မံမှာယူထားကြောင်း ၎င်းက ပြောသည်။

တောင်သူများအနေဖြင့် မတ်ပဲ ပြန်လည်စိုက်ပျိုးလိုပါက ပြည်နယ်ပဲ၊ နှမ်းကုန်သည်အသင်းနှင့် ဆက်သွယ်ပြီး ဝယ်ယူနိုင်ပြီး မတ်ပဲမျိုးစေ့ တစ်ပိဿာလျှင် ၁၇ဝဝ ကျပ်ဖြင့် ရောင်းချပေးနေကြောင်း ဆက်လက်ပြောသည်။

ထိုက်ထိုက်

Leave a Reply