Advertisements

မန္တလေး၊ အောက်တိုဘာ ၁၁ ရက်။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ သာသနာ(၂၅၀၀)ဗိမာန်တွင် လက်ရှိအစိုးရဖြုတ်ချရေးသပိတ် စခန်းဖွင့်လှစ်ရာမှ နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီးတရားစွဲဆိုခံခဲ့ရသည့် သံဃာ(၆)ပါးနှင့် လူတစ်ဦး တို့အား အောက်တိုဘာ ၁၁ ရက်၊ နံနက်(၁၁း၀၀)နာရီတွင် (၆)ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

၎င်းတို့ကို အစိုးရက နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)ဖြင့် ချမ်းမြသာစည်မြို့နယ် တရားရုံး၌ တရားစွဲဆိုထားရာ လက်ရှိရုံးထုတ်တွင် တရားလိုပြသက်သေအဖြစ် ချမ်းမြသာစည်မြို့နယ်မှူး ရဲမှူး စံသူအား စစ်ဆေးခဲ့ပြီး ရုံးချိန်းကို အောက်တိုဘာ ၁၉ ရက်သို့ ထပ်မံချိန်းဆိုလိုက်ကြောင်း သိရသည်။

“ဒီနေ့က ကျွန်တော့်ကိုစစ်ဆေးတာပါ။ ဒီအမှုဖြစ်စဉ် အစအဆုံးနဲ့ သပိတ်စခန်းမှာ ဖမ်းဆီးဖျက်သိမ်းတဲ့အထိ ကျွန်တော်ကပါနေတော့ လိုပြသက်သေအနေနဲ့ စစ်ဆေးခံခဲ့တာပါ။ လက်ရှိထွက်ပြေးတိမ်းရှောင်နေတဲ့ တရား ခံတွေကိုလည်း ဖမ်းဝရမ်းထုတ်ထားတာဖြစ်တဲ့အတွက် ဒီတရားခံတွေကိုမိရင်တော့ တရားရုံးက ဆုံးဖြတ်တဲ့ အတိုင်း ဝရမ်းပြေးအမှုတော့ ထပ်တိုးနိုင်ပါတယ်။”ဟု ရဲမှူး စံသူက ပြောသည်။

ရုံးထုတ်စဉ်တွင် တရားစွဲဆိုခံထားရသည့် သံဃာတော်များအား အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအ ဖွဲ့ဝင်(၃၀)ကျော်က ပန်းစည်းများပေး၍ ဝန်းရံခဲ့ကြကြောင်း သိရသည်။

“ဒီကနေ့ ရုံးချိန်းမှာတော့ သံဃာတော်တွေကို တရားလိုလုပ်စွဲဆိုထားတဲ့ ခရိုင်သာသနာရေးဦးစီးဌာနမှူးရဲ့ လိုပြ သက်သေဖြစ်တဲ့ ရဲမှူးကို စစ်ဆေးပါတယ်။ နောက်ပိုင်းမှာ ရုံးချိန်းကို တရားလိုပြသက်သေဖြစ်တဲ့သူတွေကို ဆက်လက်စစ်ဆေးသွားမှာပါ။”ဟု ချမ်းမြသာစည်မြို့နယ် တရားရုံးမှ ပြန်ကြားရေးအရာရှိ ဦးကျော်စွာလင်းက ပြောသည်။

အမှုနှင့် ပတ်သက်၍ တရားလိုဖြစ်သူ ခရိုင်သာသနာရေးဦးစီးဌာနမှူးဖက်က တရားလိုပြသက်သေ(၉)ဦးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုပြသက်သေ(၉)ဦးကို တင်ပြထားပြီး အမှုကို ဆက်လက်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

သပိတ်စခန်းဖွင့်လှစ်ရာတွင် ပါဝင်ပြီး ဖမ်းဆီးရမိခြင်း မရှိသေးသည့် ပုသိမ်ကြီးမြို့နယ်၊ နှမ်းကြဲကျေးရွာနေ ဆရာတော် ဦးစန္ဒာသီရိ၊ ဦးက္ကန္ဒောဘာသနှင့် ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်နေ ဦးမြင့်ဦး၊ ဦးခင်မောင် ကြည်၊ မဟာအောင်မြေမြို့နယ်နေ ဒေါ်ချောစုခင်နှင့် ဦးတင်ဇော်တို့ကို စက်တင်ဘာ ၆ ရက်မှ စတင်၍ တရားခံပြေးအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

သံဃာတော်နှင့် လူပုဂ္ဂိုလ်များသည် ချမ်းမြသာစည်မြို့နယ်ရှိ သာသနာ(၂၅၀၀)ဗိမာန်တွင် ထိုင်သပိတ် ပြုလုပ်ခဲ့ခြင်းကြောင့် သြဂုတ် ၅ ရက်၊ နံနက်(၂း၀၀)နာရီကျော်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ ပူးပေါင်း၍ သပိတ်စခန်းအား ဖျက်သိမ်းကာ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

Written by – MMK

Advertisements
<

Leave a Reply