မန္တလေး၊ အောက်တိုဘာ ၁၂ ရက်။

မန္တလေးမြို့၌ မိုးအဆက်မပြတ်ရွာသွန်းနေခြင်းကြောင့် အောက်တိုဘာ ၁၂ ရက်တွင် အနိမ့်ပိုင်းရပ်ကွက်များမှာ ရေလျှံခြင်းများဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

မိုးရွာသွန်းခြင်းသည် အောက်တိုဘာ ၁၁ ရက်၊ ညနေပိုင်းမှ စတင်ကာ အောက်တိုဘာ ၁၂ ရက်၊ နေ့လယ်ပိုင်း အထိ အဆက်မပြတ်ရွာသွန်းနေကြောင်း သိရသည်။

“ကျွန်မတို့နေရာတွေက အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တော့ မိုးများပြီးရွာရင် အိမ်ထဲအထိ ရေတွေဝင်တယ်။ ချက် ဖို့၊ ပြုတ်ဖို့လည်း ဘယ်လိုမှအဆင်မပြေဘူး။ မိုးများလို့ ဆည်ရေကနေလွှတ်တယ်ဆိုရင် ဒီအိမ်မှာ အိပ်လို့မရ ဘူး။ သမီးတွေအိမ်မှာ သွားအိပ်ရတဲ့အခါမျိုးတွေလည်းရှိတယ်။”ဟု ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်မှ ဒေါ်နှင်းလှိုင်က ပြောသည်။

မန္တလေးတွင် မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အနိမ့်ပိုင်းနေရာများမှ ပြည် သူများကို အကူအညီချက်ချင်းပေးနိုင်ရန် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးများသို့ အချိန်မီသတင်းပို့ပေးနိုင်ရန် စီစဉ်နေကြောင်း ချမ်းပြသာစည်မြို့နယ်အုပ်ချုပ်ရေးမှူးရုံး မှ သိရသည်။

“ကျွန်တော်တို့ မြို့နယ်အတွင်းမှာ ဘယ်ရပ်ကွက်တွေက ရေတွေအများဆုံးဝင်တယ်ဆိုတာ သိဖို့အတွက် ရပ် ကွက်အုပ်ချုပ်ရေးအဖွဲ့တွေကို စောင့်ကြည့်ခိုင်းထားပါတယ်။ လိုအပ်တဲ့အကူအညီတွေ ပေးဖို့အတွက်ပါ။”ဟု ချမ်းမြသာစည်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူအောင်ကပြောသည်။

တောင်တရုတ်ပင်လယ်တွင်ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင် နေပြည်တော်၊ မန္တလေး၊ မကွေး၊ ရန်ကုန်၊ ရခိုင်၊ ဧရာဝတီ၊ ကရင်၊ မွန် စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေရာကွက်၍ မိုးကြီး ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက အောက်တိုဘာ ၁၁ ရက်တွင် သတိပေးထုတ်ပြန်ထားသည်။

Written by – MMK

Leave a Reply