Advertisements

မန္တလေး၊ အောက်တိုဘာ ၁၃ ရက်။

မန္တလေးမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းကာ ရေကြီးရေလျှံမှုများကြောင့် ချမ်းမြသာစည်မြို့သစ်၊ အမှတ်(၃) ရပ်ကွက်ရှိ ဆေးခန်းတစ်ခုအတွင်း အောက်တိုဘာ ၁၂ ရက်၊ ညနေပိုင်းက အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေ ဆုံးခဲ့ရကြောင်း သိရှိရသည်။

ချမ်းမြသာစည်မြို့နယ်မြို့သစ်၊ အမှတ်(၃)ရပ်ကွက်၊ ၆၄ × ၆၅ လမ်းကြား၊ မနော်ဟရီလမ်းမြောက်ဘက်၊ င/၅ ရှိ ဆေးခန်းတစ်ခုအတွင်း ရေများဝင်နေခြင်းကြောင့် ဆေးခန်းတွင် အကူလုပ်နေသည့် အသက်(၂၀)နှစ်အရွယ် မငြိမ်းငြိမ်းမြင့်သည် မီးပလပ်ထိုး၍ရေမော်တာကို ဖွင့်ထားစဉ် ရေလာ၊ မလာသိရှိနိုင်ရန် မော်တာအားကိုင်မိရာမှ ဓာတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်သည်။

Advertisements
data-language="en"

“အခုဖြစ်တဲ့အမှုက ဓာတ်လိုက်ပြီးတော့ သေဆုံးတယ်လို့ ယူဆရပါတယ်။ ဒါက သေမှုသေခင်းဖြစ်တာဆိုတော့ ကျွန်တော်တို့အနေနဲ့ လုပ်ထုံးလုပ်နည်းအတိုင်းစစ်ဆေးမှုတွေ ဆက်လက်ဆောင်ရွက်သွားမှာပါ။”ဟု အမှတ် (၁၁)နယ်မြေရဲစခန်းမှ ရဲအုပ်တစ်ဦးက ပြောသည်။

အဆိုပါ ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားသည့်နေရာသို့ သက်ဆိုင်ရာနယ်မြေခံရဲစခန်းမှ စခန်းမှူးရဲအုပ်ဝင်းဗိုလ်၊ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ဇော်မင်းထိုက်၊ အမှတ်(၃)ရပ်ကွက် နယ်ထိန်းတပ်ကြပ်ကြီး ဇော်ဇော်နိုင်နှင့် အမှတ်(၃) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဦးဆောင်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းအမှုကို ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၁)နယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၈/၂၀၁၇)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Leave a Reply