Advertisements

ကျောက်မဲ၊ အောက်တိုဘာ ၁၀ ရက်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ပင်တီးကျေးရွာ၊ မန္တလေး- မူဆယ်သွား ပြည်ထောင်စုလမ်းမကြီး တွင် အောက်တိုဘာ ၁၀ ရက်၊ နံနက်ပိုင်းက အမျိုးသမီးတစ်ဦးအား (၆)ဘီးကုန်တင်ယာဉ်ဝင်တိုက်မှုဖြစ်ပွားခဲ့ ကြောင်း သိရှိရသည်။

“မနက်(၉)နာရီလောက်က ပြောင်းဖူးချိုးဖို့သွားတဲ့အမျိုးသမီးကို ပင်တီးရွာအထွက်လောက်မှာ (၆)ဘီးကားက လမ်းဘေးဆင်းလာပြီး ဝင်တိုက်သွားလို့ ဒဏ်ရာရလို့ နောင်ပိန်တိုက်နယ်ဆေးရုံကိုပို့ပါတယ်။ နောက် ကျောက်မဲ ဆေးရုံကိုလွဲှလို့ အခု ကျောက်မဲဆေးရုံကို ပို့ဆောင်ပေးနေတယ်။’’ဟု အောင်ဓမ္မာရုံ နောင်ပိန်လူမှု ကူညီရေးအသင်းမှ လူနာတင်ယာဉ်မောင်းက ပြောသည်။

အဆိုပါ (၆)ဘီးယာဉ်မှာ မူဆယ်မြို့မှ မန္တလေးဖက်သို့မောင်းလာစဉ် ဘရိတ်ပေါက်၍ လမ်းဘေးတွင်သွားနေ သော ပင်တီးကျေးရွာနေ အသက်(၂၀)နှစ်ဝန်းကျင်အရွယ် အမျိုးသမီးကို ဝင်တိုက်မိခဲ့သဖြင့် အမျိုးသမီးမှာ ဘယ်ပေါင်ကျိုးသည့် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“ယာဉ်တိုက်မှုကတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ နောင်ပိန်ရဲစခန်းအပိုင်ဖြစ်လို့ နောင်ပိန်မှာ အမှုဖွင့်မှာပါ။ ဒီက ယာဉ်ထိန်းအရာရှိတွေ ကိုယ်တိုင်သွားနေပါတယ်။ အရာရှိပြန်မရောက်သေးပါဘူး။’’ဟု ကျောက်မဲမြို့နယ် ယာဉ်ထိန်းရုံးမှ ရဲအရာရှိ တစ်ဦးက ပြောသည်။

ယာဉ်တိုက်မှုတွင် (၆)ဘီးယာဉ်မောင်းကို ယာဉ်(ပ)၃၈/၂၀၁၇၊ ယာဉ်မဆင်မခြင်မောင်းနှင်မှု ၂၇၉၊ ၃၃၈ တို့ဖြင့် နောင်ပိန်ရဲစခန်းက အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

Written by – MMK

Advertisements
<

Leave a Reply