Advertisements

မွန်အမျိုးသားပါတီမှ နုတ်ထွက်ခဲ့သော ကျိုက်မရောမြို့နယ် ယင်းပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးမင်းဉာဏ်လင်း

“ကျွန်တော်တို့ ဘာကြောင့်နုတ်ထွက်ရလဲဆိုရင် ၂၀၁၅ ရွေးကောက်ပွဲပြီးကတည်းက ကျွန်တော်တို့ မွန်လူမျိုးတွေအားလုံးဟာ မျှော်မှန်းနေတဲ့ပန်းတိုင် အောင်မြင်ရေးတစ်ခု လိုလားနေတယ်ဆိုပြီးတော့ ကျွန်တော်တု့ိလုပ်ခဲ့သမျှအရာအားလုံးက အောင်မြင်ခြင်းဆိုတဲ့ရလဒ်က ဘာတစ်ခုမှ မရခဲ့ဘူး”ဟု ဦးမင်းဉာဏ်လင်းက မိခင်ပါတီမှ နုတ်ထွက်ရသည့်အကြောင်းရင်းကို ပြောကြားသည်။

 ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် မွန်တိုင်းရင်းသားများမျှော်မှန်းထားသည့်ရလဒ်တစ်ခု ဖြစ်မလာသည့်အပြင် မွန်တိုင်းရင်းသားများ၏ မျှော်လင့်ချက်များလည်း ဆုံးရှုံးခဲ့ရကြောင်း၊ မိမိတို့အနေဖြင့် ဒီမိုကရေစီပါတီစုံစနစ်ကို လက်ခံနိုင်သော်လည်း လတ်တလောအခြေအနေအရ မွန်တိုင်းရင်းသားများထဲတွင် ပါတီအကွဲအပြဲမဖြစ်သင့်သေးကြာင်း ၎င်းက ဆိုသည်။

 “ဥပမာပြောရရင်တော့ ထိုင်းနိုင်ငံမှာလည်း ပါတီနှစ်ခု ဖြစ်လာတဲ့အခါ သူ့တို့ အချင်းချင်းလည်း ပဋိပက္ခဖြစ်ကြ တာပဲ။ မြန်မာနိုင်ငံမှာရှိနေတဲ့တိုင်းရင်းသား ကျွန်တော်တု့ိ မွန်လူမျိုးတွေလည်း ဒီလိုအကွဲအပြဲ ဖြစ်နေတဲ့အချိန်အခါတစ်ခုမှာ ကျွန်တော်တို့တအားကြီးစိုးရိမ်ပြီးတော့ စိတ်မကောင်းစရာတွေဖြစ်တယ်”ဟု ဦးမင်းဉာဏ်လင်းက ပြောသည်။

မိမိတို့ ကျိုက်မရောမြို့နယ် မွန်အမျိုးသားပါတီဝင်များသည် မွန်တိုင်းရင်းများ မျှော်လင့်ထားသော ပန်းတိုင်ကို အကောင်အထည်ဖော်ပေးနိုင်ခြင်း မရှိသည့်အပြင် မွန်သံဃာတော်၊ မွန်လူမျိုးတို့၏ သဘောထားဆန္ဒကို လျစ်လျှူရှုခံရသလို ခံစားနေရကြောင်း ထို့ကြောင့် ပါတီထဲတွင် လုံးဝ ရှေ့ဆက်လက်တွဲမရသည့်အတွက် နုတ်ထွက်ခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ကျွန်တော်ကတော့ အရင်တုန်းက ပါတီဆိုတာကို နားမလည်ခဲ့ဘူး။ ၂၀၁၅ မှာ ပါတီနှစ်ခု ပေါင်းပြီးတော့ မွန်အမျိုးသားပါတီဖြစ်လာတော့ မွန်တွေ စည်းလုံးညီညွတ်ပြီဆိုပြီး ကျွန်တော်တို့လည်း အားရကျေနပ်တော့ ပါတီထဲကို ဝင်လာခဲ့တယ်”ဟု ဦးမင်းဉာဏ်လင်းက ပြောသည်။
၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ မွန်နိုင်ငံရေးပါတီများက မွန်တိုင်းရင်းသားများ ကိုယ်စားပြုအဖြစ် ခံယူထားကြသည်ဟုဆိုသော်လည်း မွန်တိုင်းရင်းသားတို့၏ ပေါင်းစည်းလိုသော သဘောထားကို လျစ်လျှူရှုနေကြကြောင်း ၎င်းက ဆိုသည်။

“ဒီနောက်ပိုင်းမှာကျတော့ တစ်ပါတီတည်းမဖြစ်တော့ မွန်ပြည်သူတွေအားလုံး မျှော်မှန်းထားတာတွေ ဘာတစ်ခုမှ  အကောင်အထည်မဖော်နိုင်တဲ့အတွက်ကြောင့် လာမယ့် ၂၀၂၀ မှာလည်း ဒီအတိုင်းသာ ကျွန်တော်တို့ ဆက်သွားနေမယ်ဆိုရင် ဘယ်လိုမှ ဖြစ်မလာနိုင်တဲ့ အရာတစ်ခုကို သိထားတော့ ပါတီအရေးကိစ္စကို ဒီလောက်နဲ့ပဲ ရပ်နားပြီးတော့ မွန်အမျိုးသားရေးကိစ္စတွေကိုသာ စာပေ၊ ယဉ်ကျေးမှုတွေကို ပဲ ဆက်လက်လုပ်ဆောင်တော့မယ်”ဟု ဦးမင်းဉာဏ်လင်းက ပြောသည်။

Written by – ရွှေရိုး

Advertisements
<

Leave a Reply