Advertisements

မော်လမြိုင်၊ ဒီဇင်ဘာ ၆

မပြောင်းလဲသေးသော အောက်ခြေ ဌာနဆိုင်များကို ပိုမိုကြီးကြပ်ရန် မွန်ပြည်နယ် အစိုးရအဖွဲ့မှ အုပ်ချုပ်ရေး ဆိုင်ရာ ကိစ္စရပ်များ ပိုမို ကောင်းမွန်စေရေး အားစိုက်ဆောင်ရွက်ရန် တိုက်တွန်းကြောင်း အဆိုအား ဒီဇင်ဘာ ၆ ရက်နေ့ လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့ရာ ယင်းအဆိုအား လွှတ်တော်မှ ဆွေးနွေးရန် လက်ခံ ခဲ့သည်။

ထိုအဆိုကို ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် အဋ္ဌမ ပုံမှန် အစည်းအဝေးတွင် သထုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ၊ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူက တင်သွင်း ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော် မြေပြင် ကွင်းဆင်းတဲ့ အခါ ဌာနဆိုင်ရာတွေက မပြောင်းလဲ သေးတာ တွေ့နေရတယ်၊ ဒီအတွက်လည်း အစိုးရကို မေးခွန်း မေးတာတို့ အလွတ်သဘော တိုက်တွန်း မှုတွေလည်း လုပ်ခဲ့တယ်၊ ဒါပေမယ့် အခု အချိန်အထိ သိသာ ထင်ရှားတဲ့ အပြောင်းအလဲ မရှိသေးဘူး”ဟု ၎င်းက မှတ်ချက်ပြု ပြောဆိုသည်။

ယခုအခါ အစိုးရနှင့် မူဝါဒပိုင်း ဆိုင်ရာများသာ ပြောင်းလဲ နေသော်လည်း အောက်ခြေ ဌာန များက ပြောင်းလဲမှု မရှိသေး သည့်အတွက် ပြည်သူကို ဝန်ဆောင်မှု ပေးနေသည့် ဌာနဆိုင်ရာများကို ပြည်နယ် အစိုးရအနေဖြင့် ပိုမို ထိန်းကျောင်းရန် အဆို တင်သွင်း ရခြင်းဖြစ်ကြောင်း ဦးအောင်ကျော်သူက ပြောသည်။

ပြည်သူ့ ဝန်ဆောင်မှု ကဏ္ဍပြောင်းလဲမှု မရှိသည့်အတွက်ကြောင့် ပြည်သူများအနေဖြင့် အပြောင်းအလဲကို ခံစားရမည် မဟုတ်ကြောင်း၊ ဌာနဆိုင်ရာများတွင် ဝန်ထမ်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ ရှိနေသော်လည်း ဝန်ထမ်းများအနေဖြင့် မသိကျိုးကျွန်ပြုလျက် လုပ်ဆောင်နေကြာင်း အဆိုရှင်က ဆွေးနွေးပြောဆိုသည်။

ထို့အပြင် မပြောင်းလဲသေးသည့် ဌာနဆိုင်ရာများကြောင့် လွှတ်တော်သို့ တိုင်ကြားစာ ရောက်ရှိမှုမှာလည်း မြင့်တက်လျက်ရှိပြီး၊ ယင်းအခြေအနေကို အစိုးရအနေဖြင့် တာဝန်ယူ ဆောင်ရွက်နိုင်ခြင်း မရှိပါက ဒီမိုကရေစီ အစိုးရ၏ ပုံရိပ်ကို ထိခိုက်ကျဆင်းနိုင်ကြောင်း ဦးအောင်ကျော်သူက အကြံပြု ဆွေးနွေးခဲ့သည်။

ယင်းအဆိုကို သထုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က လွှတ်တော်တွင် ဆွေးနွေးရန် ထောက်ခံဆွေးနွေးခဲ့သည့်အတွက်ကြောင့် မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက အဆိုကို လက်ခံခဲ့သည်။

written by -ဇော်ထိုက်

Advertisements
<

Leave a Reply