Advertisements

မော်လမြိုင်၊ ဒီဇင်ဘာ ၄

မဖြစ်လာနိုင်သည့် ကိစ္စရပ်များကို အဆိုတင်သွင်းလာပါက မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌအနေဖြင့် အလေအနက်ထားစဉ်းထားရန် လိုအပ်ကြောင်း ဒီဇင်ဘာ ၄ ရက်က ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အဋ္ဌမအကြိမ်အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက သတိပေးပြောကြားသည်။

“ဒီအဆိုကို စတင်ကတည်းက ကျွန်တော်သတိပေးပါတယ်။ လွှတ်တော်ကိုလည်း သတိပေးပါတယ်။ မဖြစ်လာနိုင်တဲ့ကိစ္စတွေကို အဆိုပြုတင်သွင်းလာတာ လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ အလေအနက်စဉ်းစားထားဖို့ လိုပါတယ်”ဟု ဒေါက်တာအေးဇံက ပြောသည်။

ရော်ဘာရုံများကို ခရီးသွားပြည်သူများ လွတ်ကင်းရာနှင့် အတည်တကျနေထိုင်ကြသော ရပ်ကွက်ပြည်သူ များနှင့် ကင်းဝေးရာသို့ ပြောင်းရွှေ့ပေးရန် အလေအနက်တိုက်တွန်းကြောင်းအဆိုနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် စက်တင် ဘာလ ၈ ရက်က ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် အတည်ပြုခဲ့သော်လည်း လက်ရှိအချိန် မည်သို့ ဆောင်ရွက်နေသည်ကို သိရှိလိုခြင်းကြောင်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကထပ်မံ မေးမြန်းရာတွင် ယခုကဲ့သို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

“တကယ်လို့ ဒီနေရာတွေကို ပိတ်သိမ်းမယ်ဆိုလို့ရှိရင် မွန်ပြည်နယ်ရဲ့ အဓိကကျတဲ့စီးပွားရေးလုပ်ငန်းကို တောက်ခနဲ ရပ်ဆိုင်းလိုက်တဲ့အခြေအနေမျိုးကို ချက်ချင်းကြုံတွေ့ရမှာပါ။ စဉ်းစားတွေးခေါ်ပြီးတော့ ဆင်ခြင်တုံ တရားနဲ့ လေ့လာကြပါ ပြောကြပါ။ စင်ခြင်တုံတရားနဲ့ လောလောဆယ်ပိတ်သိမ်းဖို့ မဖြစ်သေးတာ။ အဲဒါကြောင့်ဒီလုပ်ငန်းကို တစ်ခြားတစ်နေရာပြောင်းဖို့ မဖြစ်ပါဘူး”ဟု ဝန်ကြီးချုပ်က ပြောသည်။

မုဒုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသင်္ဂီမော်က ” ကျွန်မတို့ လွှတ်တော်မှာ အတည်ပြုထားတဲ့အတိုင်း မလုပ်ဆောင်နိုင်ဘူးဆိုရင် ကျွန်မတို့ တင်သွင်းထားတဲ့အဆိုတွေက အလကားပါ။”ဟုဆိုသည်။

အဆိုပါ တိုက်တွန်းကြောင်းအဆိုကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၅ ဦးက ဆွေးနွေးခဲ့ကြပြီး စင်တင်ဘာလ ၈ ရက်က ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး (ပဉ္စမ)မြောက်နေ့တွင် အတည်ပြုထားပြီးဖြစ်သည်။

Written by – ရွှေရိုး

Advertisements
<

Leave a Reply