မော်လမြိုင်မြို့၊ စက်တင်ဘာ

ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ယခုနှစ် မတ် ၁ ရက်နေ့မှ စက်တင်ဘာ ၁၈ ရက်နေ့အတွင်း တရားမဝင်ကုန်စည်ကျပ် သိန်း ၄၀,၀၀၀ နီးပါးကို ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါ ဂိတ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကိုက ဟင်္သာမီဒီယာကို ပြောကြားသည်။

ဖမ်းဆီးရမိသည့် ကုန်ပစ္စည်းများမှာ ပြည်ပနိုင်ငံဖြစ် အရက်ဘီယာအပါအဝင် အဖျော်ယမကာမျိုးစုံ၊ တစ်ပတ်ရစ်လျှပ်စစ်ပစ္စည်းများ၊ ယာဉ်အပိုပစ္စည်းများ၊ အထွေထွေကုန်ပစ္စည်းများနှင့် လိုင်စင်မဲ့ယာဉ်များဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကားအစီးတိုင်းကို မစစ်နိုင်လို့ ကျွန်တော်တို့ ရွေးပြီး စစ်ရတယ်။ ကားအစီးတိုင်း စစ်လို့ရှိရင် ကားတွေ အကုန်ပိတ်ကုန်မယ်။ဒါကြောင့် spot check နည်းနဲ့ ဖမ်းဆီး စစ်နေရတာဖြစ်တယ်”ဟု ဦးဝင်းကိုက ဆိုသည်။

မရမ်းချောင်စစ်ဆေးဂိတ် စတင်ဖွင့်လှစ်သည့် နေ့မှစ၍ စက်တင်ဘာ ၁၈ ရက်နေ့အထိ အမှုပေါင်း ၉၀၂ မှုကို အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပြီး ခန့်မှန်းတန်ဖိုးငွေ ၃၉,၉၄၆ သိန်းကျော်ဖမ်းဆီးရမိကြောင်း ၎င်းက ပြောသည်။

စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိသော ကုန်ပစ္စည်းများကို ဖျက်ဆီးရန် မြေနေရာလုံခြုံမှု မရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ရုံးချုပ်ဌာနခွဲထံသို့ ပေးပို့ထားရှိကြောင်း၊ လေလံတင်ရောင်းချနိုင်သော ကုန်ပစ္စည်းများကို ရန်ကုန်ရုံးချုပ်သို့ ပို့ဆောင်ပေးရပြီး ၎င်းဌာနချုပ်မှတစ်ဆင့် လေလံတင်ရောင်းချလျက်ရှိကြောင်း ၎င်းက ဆိုသည်။

“ဂျူတီဆောင်ခွင့်မရှိသော ပစ္စည်းမျိုးပေါ့။ မြန်မာနိုင်ငံထဲကို တင်သွင်းခွင့် ပိတ်ပင်ထားတဲ့ အရက်ဘီယာတွေ၊ မြန်မာနိုင်ငံမှာ မှတ်ပုံမတင်ထားတဲ့ဆေးဝါးတွေ အစရှိတဲ့ ပစ္စည်းမျိုးတွေကို ဖျက်ဆီးရတာပေါ့”ဟု ယင်းဂိတ်မှ ညွှန်ကြားရေးမှူး ဦးဇော်မင်းသိန်းက ပြောသည်။

ဂိတ်၌ စက်တင်ဘာ ၁၈ ရက်၊ တစ်ရက်အတွင်း တရားမဝင်ကုန်ပစ္စည်းများ ဖမ်းမိသည့် အမှုပေါင်း ၇ မှုရှိပြီး ခန့်မှန်းငွေတန်ဖိုးကျပ်သိန်း၂၀ ကျော် ဖမ်းဆီးရမိထားကြောင်း ၎င်းက ဆိုသည်။

Written by – ခေတ်မင်း

 

Leave a Reply