ကျိုက်ထို၊ မေ ၁၁

ကျိုက်ထိုမြို့နယ်ရှိ မရမ်းချောင် စစ်ဆေးရေးဂိတ်အား ရှောင်တိမ်းမောင်းနှင်သွားသည့် တရားမဝင် ကုန်ပစ္စည်းများ တင်ဆောင်သော ကုန်တင်ယာဉ်များကို ဂိုထောင်အထိ လိုက်လံ ဖမ်းဆီးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

ကုန်တင်ယာဉ်များသည် စစ်းဆေးရေးဂိတ်တွင် စစ်ဆေးခံခြင်းမရှိဘဲ ကျေးရွာများကို ဖြတ်ကျော်သွားခြင်းကြောင့် ယင်းကဲသို့ ဖမ်းဆီးရန် စီစဉ်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“စစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းသွားတဲ့ ကားတွေကို ပြည်ထောင်စု အစိုးရနဲ့ တိုင်ပင်ပြီး အရေးယူသွားမယ်”ဟု ၎င်းက ဆိုသည်။

စစ်ဆေးရေးဂိတ်မှ ရှောင်ကွင်းသွားသော ကုန်တင်ယာဉ်များကို စတင် ဖမ်းဆီးအရေးယူမည့် အချိန်ကို ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ညှိနှိုင်း သတ်မှတ်သွားမည်ဖြစ်ကြောင်း ဒေါက်တာအေးဇံက ပြောသည်။

တရားမဝင် ကုန်တင်ယာဉ်များသည် မဲရုံးလေးကျေးရွာမှ ပျဉ်းကတိုးကုန်းလမ်း၊ သစ်ဆိပ်ပင် -ခလွန်-စပ္ပနူးကျေးရွာများမှ ဖြတ်၍ မုပ္ပလင်သို့ ဖြတ်ကျော် သယ်ဆောင်နေခြင်းကြောင့် ကျေးရွာချင်းဆက်လမ်းတံတားများ ပျက်စီးလာသည့်အတွက် ဒေသခံများက စိုးရိမ်နေကြသည်။

မရမ်းချောင် စစ်ဆေးရေး ဂိတ်ကို ယခုနှစ် မတ် ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

Written by – ရွှေစင်

Leave a Reply