မရိုးနိုင်တဲ့ ခေါင်းစဉ် အသက်မဝင်သေးတဲ့ စနစ်

မရိုးနိုင်တဲ့ ခေါင်းစဉ်

သူတို့သည် မိမိလယ်ကွင်းမှ စပါးမည်မျှ ထွက်သည်ကို တွက်ချက်ရန် သိရှိရန် ခက်ခဲနေသူများဖြစ်သည်။
စပါး တစ်တင်းလျှင် စံသတ်မှတ်ချက်အရ အလေးချိန် ၄၆ ပေါင်သာ ရှိသော်လည်း ဘီလူးကျွန်းဒေသအတွင်း အရောင်းအဝယ်ပြုရာတွင်မူ တစ်တင်းလျှင် ၆၄ ပေါင်ထိ လယ်သမားများက စပါးဝယ်ယူသူ လက်ထဲ ထိုးအပ် ရောင်းချနေရသည့် အနေအထားဖြစ်နေသည်။

“၄၆ ပေါင်တစ်တင်းဆိုရင် အခုဖြစ်နေတဲ့တင်းတောင်းက ၆၀ ပေါင် ကျော်မှာဖြစ်နေတဲ့အတွက် စပါး၂ တင်း ရောင်းရင် အလေးချိန်ကပေါင် ၁၃၀ ဖြစ်သွားမယ် ၂ တင်းရောင်းတာ ၃ တင်းကုန်သည်တွေကိုပေးလိုက်ရသလိုဖြစ်နေတယ်”ဟု ချောင်းဆုံမြို့နယ်စည်ပင်သာယာရေးဥက္ကဋ္ဌ (ငြိမ်း) ဦးခင်မောင်ဦးက သူ့မျက်မြင်ကို ပြန်ပြောပြသည်။

ယင်းမှာ ယခုလက်ရှိ ချောင်းဆုံမြို့နယ်အတွင်း ခြင်တွယ်ရောင်းဝယ်နေသည့် အနေအထားပင်။

ဒေါင်းရပ်အရှေ့ကျေးရွာလယ်ကွင်းမှ လယ်သမား ဦးဝင်းက “အခုအရောင်းအဝယ်လုပ်နေတဲ့တင်းတောင်းက အမျိုးမျိုးရှိတယ် ၁၈ ပြည်ကနေပြည် ၂၀ ကျော်တဲ့တင်းတောင်း တွေလည်းရှိတယ် ကိုယ့်လယ်မှာတစ်ဧကစပါးဘယ်လောက်ထွက်တယ်ဆိုတာအတိအကျမသိရတဲ့ခေတ် ဖြစ်နေတယ်” ဟု လက်ရှိအခြေအနေကို ဝေဖန်သည်။

“ချောင်းဆုံမြို့နယ်မှာ လယ်သမားတွေ စပါးရောင်းဝယ်တဲ့အခါ တိကျမှန်ကန်မှုမရှိတဲ့ တင်းတောင်းကြီးကြီးတွေနဲ့ ရောင်းချနေရတဲ့အတွက် လယ်သမားတွေ နစ်နာမှုတွေ ရှိနေတယ် ဒီကိစ္စကို ရောက်တဲ့ကျေးရွာတိုင်းက လယ်သမားတွေက တင်ပြနေကြတဲ့အတွက် လယ်သမားအားလုံးရဲ့ ကိုယ်စား ဒစ်ဂျစ်တယ်ကတ္တားစနစ်နဲ့သာ ဝယ်ယူဖို့ ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ စာထုတ်ပေးဖို့ ဝန်ကြီးချုပ်ကို တင်ပြတောင်းဆိုချင်ပါတယ်”ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြက ပြောခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံထံ ဒေသခံလယ်သမားရှေ့တွင် တင်ပြတောင်းဆိုခဲ့ခြင်းပင်။
ကမာကေးကျေးရွာတွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၂ရက်က ကျင်းပခဲ့သည့် အခမ်းအနားတစ်ရပ်တွင် ၎င်းက ယင်းသို့ ပြောဆိုခဲ့၏။ ပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံကျေးရွာလူထုတွေ့ဆုံပွဲဖြစ်သည်။

ဆန်စပါးရောင်းဝယ်ရာတွင် တင်းတောင်းဖြင့် ခြင်တွယ် ဝယ်ယူနေခြင်းထက် တိကျမှန်ကန်မှုရှိသည့် ဒစ်ဂျစ်တယ် ကတ္တား စနစ်ဖြင့် ချိန်တွယ်ဝယ်ယူရန် ဘီလူးကျွန်းဒေသခံ လယ်သမားများက ဆန္ဒရှိ လိုလားနေကြသည်။

“ဒေသမှာရောင်းဝယ်နေတဲ့တင်းတောင်းတွေက ပြည် ၂၀ တင်းတောင်းတွေဖြစ်နေတဲ့အတွက် တင်းတောင်း ကြီးကြီးနဲ့ ရောင်းဝယ်နေတဲ့စနစ်ကိုမကြိုက်လို့”ဟု ကမာကေးကျေးရွာနေ လယ်သမား ဦးအောင်ဝင်းကပြောသည်။

ယခင်အစိုးရလက်ထက်ကတည်းက ပြည်နယ်ဝန်ကြီးချုပ် ခရီးစဉ်တွင် ဒေသခံ ရပ်မိရပ်ဖတို့က စပါးကို ယင်းသို့ ရောင်းချနိုင်ရေး သက်ဆိုင်ရာအပိုင်းက ကြီးကြပ်ကြပ်မတ်ပေးရန် တင်ပြခဲ့သည်ဆို၏။ သို့သော် ယင်းမှာ ယနေ့တိုင် အကောင်အထည်မပေါ်သေးပေ။

“လွန်ခဲ့တဲ့ ၅ နှစ်ကျော်ကတည်းကဒီကိစ္စကိုကြားသိ နေရတာဖြစ်တယ်”ဟု လယ်သမား ဦးအောင်ဝင်းကဆိုသည်။

“ဒီကိစ္စကိုလယ်သမားအများစုကသဘောတူလက်ခံတယ် ရွာကို အစိုးရအဖွဲ့အစည်းကလာရင်လည်း ဒေသခံ တွေတောင်းဆိုကြသလိုလွှတ်တော်ကိုယ်စားလှယ်တွေ လာတိုင်းလည်းမကြာခဏတင်ပြတောင်းဆိုနေကျ မရိုးနိုင်တဲ့ခေါင်းစဉ်ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

အသက်မဝင်သေးတဲ့ စနစ်

အဘယ့်ကြောင့် သူတို့ လယ်ယာထွက်စပါးများ ရောင်းချလျှင် တင်းတောင်းအခြင်အတွယ်အစား ကတ္တားအချိန်အတွယ်ဖြင့် အစားထိုး ပြောင်းလဲလိုနေကြသနည်း။

အနှီမေးခွန်းကို ဘိုးနက်ကျေးရွာနေ လယ်သမား ဦးသောင်းညွန့်က ယခုလို ရိုးရှင်းစွာ ဖြေသည်။

“မှန်ကန်တဲ့အချိန်အတွယ်နဲ့အရောင်းအဝယ်လုပ်ချင်လို့သဘောတူတာပါ”ဟု ဆို၏။

မြန်မာအခြင်အတွယ်အားဖြင့် စပါး တစ်တင်းလျှင် ၁၆ ပြည် နိုင်ငံတကာအချိန်အတွယ်(ကတ္တားစနစ်)ဖြင့် စပါးတစ်တင်းလျှင် ၄၆ ပေါင်စံနှုန်းသတ်မှတ်ထားကြောင်း သူသူငါငါ အသိပင်။ သို့ရာတွင် အရွယ်အစားမတူညီသော တင်းတောင်းများဖြင့်သာ သူတို့ ဖြတ်သန်းနေရကြောင်း ဒေသခံတို့က ပြောပြသည်။

‘ဈေးကောင်းရချင်ရင် တင်းတောင်း ကြီးကြီးနဲ့ တိုးတာတော့ ကြုံရမှာပဲ’ဟု လွယ်လင့်တကူ ရောင့်ရဲနိုင်သူ အနည်းငယ် ရပ်ထဲရွာထဲ ရှိနေသော်လည်း အများစုကမူ အလားတူ သဘောထားဖို့ လက်ခံဖို့ ခဲယဉ်းနေသည်မှာ အမှန်၊ စပါးပင်ကို သူတို့ ချွေးများဖြင့် စိုက်ခဲ့ရကြောင်းသာ မချင့်မရဲ ပြောကြ၏။

ဘိုးနက်ကျေးရွာနေ လယ်သမား ဦးသောင်းညွန့်က သူဖြတ်သန်းလာသော အတိတ်ပုံရိပ်တစ်ကွက်ကို ယခုလို ပြန်ပြောင်း ပြောပြသည်။

“ဆိုရှယ်လစ်အစိုးရလက်ထက်ကုန်သွယ်လယ်ယာကစပါးဒိုင်မှာစပါးရောင်းချစဉ် ကတည်းကစပါးတစ်တင်းကို ၄၆ ပေါင်ဆိုပြီးကတ္တားနဲ့ ချိန်တွယ် ရောင်းချခဲ့ဘူးတယ် အဲဒီအချိန်ကတည်းက ကတ္တားနဲ့ချိန်တွယ်တာရောင်းဝယ် လုပ်ရတာကိုလယ်သမားတွေကသိထားတယ် အခုလိုတင်းတောင်း အကြီးအငယ်ဖြစ်နေတာထက်ကတ္တား စနစ်ကပိုကောင်းတယ်ပိုပြီးသဘာဝကျတယ်”ဟု။

သို့သော် ဆန္ဒနှင့် လက်တွေ့မှာ ကွာဟနေပြန်သည်။ ဦးခင်မောင်ဦးက ပြောပြသည်မှာ

“စပါးကိုရွာတိုင်းမှာ တင်းတောင်းနဲ့အရောင်းအဝယ်လုပ်တာဘဲရှိ သေးတယ် တစ်ကျောင်းတစ်ဂါထာတစ်ရွာတစ်ပုဒ်ဆန်း ဆိုသလိုသူ့ရွာ သူ့ဒေသ သူ့တင်းတောင်း သူ့ဈေးနှုန်း တွေနဲ့ရောင်းဝယ်လုပ်နေကြတယ် ကတ္တားအချိန်အတွယ်တွေနဲ့အရောင်းအဝယ်လုပ်တာမရှိသေးဘူး”ဆို၏။

ဒရယ်ကျေးရွာနေ စပါးပွဲစား ဦးစံတင်(အမည်လွှဲ )က လက်ရှိ သူ ဝယ်ယူနေသည့် ဈေးနှုန်းနှင့် အနေအထားကို ယခုလို ပြော၏။

“တင်းတောင်းစနစ်နဲ့ တင်း၁၀၀ ကို တောင်ရှေ့စပါးဆန်မွှေးအုပ်စုကျပ် ၁၂ သိန်းရှိတယ် ဆန်ကြမ်းက ၇ သိန်းရှိ တယ်တောင်နောက်စပါးဆန်မွှေးအုပ်စု ကျပ်၁၄ သိန်း၊ ကျပ် ၁၅ သိန်းထဲမှာရှိတယ်ဆန်ကြမ်းအုပ်စု ကျပ် ၈ သိန်း ၉ သိန်းမှာရှိတယ်”ဟု သူကဆိုသည်။

ယင်းနောက် တစ်ဆက်တည်းတွင် သူက လေသံကို နှိမ့်ရင်း ထပ်ပြောပြပြန်သည်။

“ဈေးမြင့်ရင်တင်းတောင်းကပိုကြီးတယ်”ဟူ၏။

သူပြောပြသည့် တောင်ရှေ့ တောင်နောက်ဆိုသည့် စပါးအမျိုးအစား အညွှန်းတွေက ဒေသိယအသုံးအနှုန်းများသာ။

တောင်ရှေ့ကျေးရွာများမှာ ကညှော်၊ ဘိုးနက်၊ ကော့မုပွန်၊ဒေါင်းရပ်အရှေ့၊ ဒေါင်းရပ်အနောက်၊ နတ်မှော် ကျေးရွာများပါဝင်၏။ တောင်နောက်တွင် ကွမ်ရိုက် ၊ ကမာမို၊ ဒရယ်၊ကလွီ၊ တောင်စွန်း ၊ရွာလွတ်၊ ကလော့၊ ကမနင်း ၊နှီးမုတ် ကွင်းများက ထွက်ရှိသည့် စပါးများကို ဆိုလိုသည်။

“တောင်နောက်စပါးကတောင်ရှေ့စပါးထက်အရည် အသွေးပိုကောင်းတယ် အထွက်ကောင်းတယ် စားလည်းကောင်းတယ်”ဟု ဒေသခံများက တစ်ညီတစ်ညွတ်တည်း လက်ခံထားသည်။ ဈေးကွက်မှာ မျက်နှာပန်းလှပုံချင်းလည်း မတူညီချေ။

အဲဒါက မခက်၊ ခက်သည်က တင်းတောင်းတွေ ပိန်လိုက်ဖောင်းလိုက် ဖြစ်နေသည့်ကိစ္စဟု ကညှော်ကျေးရွာသား လယ်သမားတစ်ဦးက ခေါင်းကုပ်ရင်း မှတ်ချက်ပြုသည်။

“ထူးခြားတာက ဆန်စပါးရောင်းဝယ်သူတွေက စပါးဝယ်ရင် တင်းတောင်းနဲ့ အရောင်းအဝယ် လုပ်တယ် ဈေးကွက်ကို ဆန်ပြန်ရောင်းတော့ ကတ္တားနဲ့ပြန်ရောင်းနေကြတယ်” ဟုမြိ့နယ်စည်ပင်သာယာရေးဥက္ကဋ္ဌ ငြိမ်း ဦးခင်မောင်ဦးက ပြောသည်။

အသက်မဝင်သေးတဲ့ အဖွဲ့

“မနှစ်ကတည်းကမြို့နယ်မှာရောကျေးရွာတွေမှာဆန်စပါးရောင်းဝယ်ကြီးကြပ်ရေးအဖွဲ့တွေဖွဲ့ထားတယ် တင်းတောင်း အလေးချိန်မှန်ကန်မှုရှိမရှိစစ်ဆေးနိုင်ဖို့အတွက်လည်း ၄၆ ပေါင်စံအလေးတွေကို ကျေးရွာတိုင်းမှာဖြန့်ဝေပေးထားပြီးဖြစ်တယ် ဒါပေမဲ့ဖွဲ့ထားတဲ့ရောင်းဝယ်ကြီးကြပ်ရေးအဖွဲ့ကအခု အချိန်အထိအသက်မဝင်နေသေးဘူးဖြစ်နေတယ်”ဟု ဦးခင်မောင်ဦးက ဆိုသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်ကလည်း စပါးရောင်းဝယ်ကြီးကြပ်ရေးအဖွဲ့ကိုမြို့နယ်မှာရော ကျေးရွာတွေမှာပါ ပြီးခဲ့တဲ့နှစ်ကတည်းက ဒေသခံများ၏ ဆန္ဒနှင့် အားလုံးဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ကြီးကြပ်ရေးအဖွဲ့တွင် လယ်သမား ၊ ကုန်သည်၊ စပါးကြိတ်ခွဲစက် ဆန်စက်ပိုင်ရှင်များ အား လုံးပါဝင်ကြောင်း၊ ကတ္တားဖြင့် အရောင်းအဝယ်လုပ်ရာတွင် အလေးချိန်မှန်ကန်မှုရှိမရှိ စစ်ဆေးနိုင်ဖို့ ကျေးရွာအုပ်စုအားလုံးသို့ ၄၆ ပေါင်စံအလေးများကိုထုတ်ပေးထားပြီးဖြစ်ကြောင်း ပြောပြသည်။

“ဆန်၊ စပါး အရောင်းအဝယ်လုပ်တဲ့အခါမှာ ကျေနပ်မှု မရှိရင် စပါးရောင်းဝယ်ကြီးကြပ်ရေးအဖွဲ့အဆင့်ဆင့်ကို တိုင်ကြားဖို့ လိုအပ်ရင်တရားစွဲဆိုဖို့် ကျေးရွာအားလုံးကိုအသိပေးထားပြီးဖြစ်တယ် ရောင်းဝယ်ကြီးကြပ်ရေးအဖွဲ့ကဘာတစ်ခုမှ တိုင်ကြားထားတာမရှိသေးဘူး”ဟု မြို့နယ်အုပ်ချုပ်ရေးမှူးကဆိုသည်။

အလားတူ ကညှော်ကျေးရွာရောင်းဝယ်ကြီးကြပ်ရေးအဖွဲ့ဝင် လယ်သမားကိုယ်စားလှယ် ဦးသိန်းလွင်က “တိုင်ကြားတာလည်း မရှိသေးတဲ့အတွက် တစ်ကြိမ်တစ်ခါမ ှဖြေရှင်းခဲ့ရတာလည်း မရှိသေးဘူး စံအလေးကို အသုံးပြုဖြစ်တာလည်း မရှိသေးဘူး ကတ္တားနဲ့ ရောင်းဝယ်တဲ့ စနစ်က မရှိသေးဘူး မကျေနပ်ချက်တွေ ရှိတယ်ဆိုပေမဲ့ ဘယ်သူမှ အမုန်းခံပြီး တိုင်ကြားတာလည်း မရှိသေးဘူး”ဟု ပြောသည်။

လယ်သမားတို့ကမူ အမုန်းခံကာ အတိုင်အတော မလုပ်ချင်ကြသည့်တိုင် ပြောင်းလဲတတ်သည့် တင်းတောင်း အရွယ်အစားတွေအပေါ် ငြူစူနေကြသည်။ တိကျသော သတ်မှတ်ချက်တစ်ခုဖြင့် ရောင်းချလိုကြသည်။ ဈေးျနှုန်းအနိမ့်အမြင့်ကို လိုက်ကာ အရွယ်အစား အကြီးအသေး ပြောင်းလဲနေခြင်းထက် အလေးချိန် ၄၆ ပေါင်ကို တစ်တင်းနှုန်းဆိုသည့် သတ်မှတ်စံ အသက်ဝင်လာမည်ကို သူတို့ မျှော်လင့်လိုလားနေသည်။

“တင်းတောင်းနဲ့ရောင်းဝယ်တာက တင်းတောင်းအကြီးအငယ် တင်းတောင်းအပျော့အမာ ဒါတွေလည်းရှိတယ် အလေးချိန်နဲ့သတ်မှတ်ဝယ်ယူတာပြဿနာနည်းဆုံးဖြစ်တယ်”ဟု ဒေသခံ လယ်သမားဦးအောင်မင်းဦးကပြောသည်။
သူက ယခုလိုလည်း ဆက်ပြော၏။

“တင်းတောင်းနဲ့အရောင်းအဝယ်လုပ်တာအရှုပ်အရှင်းတွေများတဲ့အတွက် ၄၆ ပေါင် တစ်တင်းစံအလေးချိန် သတ်မှတ်ပြီး ရောင်းဝယ်စေခြင်တယ်ရောင်းဝယ်သင့်တာလည်းကြာပါပြီ”ဟု ဆိုလေသည်။

ချောင်းဆုံမြို့နယ်တွင် စပါးအရောင်းအဝယ် ပြုလုပ်ရာ၌ ဒစ်ဂျစ်တယ်ကတ္တားနှင့်သာ ချိန်တွယ်ဝယ်ယူရန် မွန်ပြည်နယ်အစိုးရအဖွဲ့က စာထုတ်ပြန်ပေးမည်ဟု ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ကမာကေးကျေးရွာတွင် ဒီဇင်ဘာ ၂ရက်က ဒေသခံများနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။

လတ်တလောအချိန်တွင် ယင်းထုတ်ပြန်စာမှာ ထွက်ပေါ်မလာသေးချေ။

“မွန်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ယနေ့အချိန်အထိ ဒစ်ဂျစ်တယ်ကတ္တားနဲ့ ဝယ်ယူဖို့ အမိန့်တစ်စုံတရာ ညွှန်ကြားချက်တွေ ရောက်မလာသေးဘူး ညွှန်ကြားချက်တွေ ရောက်လာရင် ကျေးရွာအားလုံးကို အသိပေး အကြောင်းကြားသွားမှာ ဖြစ်တယ်”ဟု ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်ကပြောသည်။

အချိန်အတွယ်စနစ် ပြောင်းလဲသွားပါက ရလဒ်ပိုကောင်းလာမည် တန်းတူညီတူဖြစ်လာမည်ကို လယ်သမားအများစုက မျှော်လင့်နေကြသည်။

“ကိုယ့်လယ်မှာ တစ်ဧက စပါးဘယ်လောက်ထွက်တယ်ဆိုတာ အတိအကျမသိရတဲ့ခေတ် ဖြစ်နေတယ် ကတ္တားနဲ့ဝယ်မယ်ဆိုရင် ၄၆ ပေါင်တစ်တင်းအပေါ်မှာ စပါးအရည်အသွေးအပေါ်မှာ ပေါက်ဈေးနှုန်း သတ်မှတ်ရောင်းဝယ်စေချင်တယ် မမှန်ကန်တဲ့ တင်းတောင်းအချိန်အတွယ်တွေနဲ့ ရောင်းဝယ်နေရတာတော့ နစ်နာမှုရှိတယ်လို့လယ်သမားတွေထင်ကြတယ်”ဟု ဒေါင်းရပ်အရှေ့ကျေးရွာလယ်ကွင်းမှ လယ်သမားကြီး ဦးဝင်းက ပြောလိုက်လေသည်။ ။

လွတ်လပ်မောင် – ယက္ခမြေ

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.