မရှိမဖြစ် ကြက်သွန်နီ

ဒီတစ်ပတ် အစာလည်းဆေး ဆေးလည်းအစာကဏ္ဍမှာ တော့ အိမ်တိုင်းအိမ်တိုင်းမှာ နေ့တိုင်းနေ့တိုင်း မပါမဖြစ်ထည့်သွင်း ချက်ပြုတ် အသုံးပြုနေပေမယ့် ဘယ်လောက်ထိတောင် ကျန်းမာရေးအတွက် အထောက်အကူပြုနေသလဲဆိုတာ သိရှိစေဖို့အတွက် ကြက်သွန်နီအကြောင်းကိုဖော်ပြပေးမှာပဲ ဖြစ်ပါတယ်။

ကြက်သွန်နီကို အင်္ဂလိပ်လို အော်နီယံ(Onion) လို့ခေါ်ပြီး၊ ရုက္ခဗေဒ အမည်က တော့ Allium cepa Linn ဖြစ်ပါတယ်။ သူဟာ(Allium) မျိုးရင်းမှာ ပါဝင်တဲ့ အော်လီယံဆက်ဖာ (Allium cepa)မျိုးစိတ်ဖြစ်ပါတယ်။

ကြက်သွန်နီဟာ အပင်ပျော့တစ်မျိုးဖြစ်ပြီး အဓိကအသုံးပြုတဲ့အစိတ်အပိုင်းကတော့ မြေကြီးအောက်မှာ ရှိတဲ့ ဥ ပဲဖြစ်ပါတယ်။အပင်စိုက်ပြီး ရက်ပေါင်း ၈၀ ကနေ ၁၇၀ အတွင်း ဥတွေကိုတူးဖော်နိုင်ပါတယ်။

မြန်မာဆေးကျမ်းအလိုအရ ကြက်သွန်နီဟာ ချိုတယ်၊စပ်တယ်၊အနည်းငယ်ပူတယ်၊လေသလိပ်၊အဖျား၊ချောင်းဆိုးနာတို့ကိုနိုင်တယ်၊ ဆီးရွှင်စေတယ်၊နှုတ်မမြိန်တာ၊အော့အန်တာတို့ကိုပျောက်စေတယ်၊ခွန်အားကိုဖြစ်စေပြီးတော့ သုတ်အားကိုပွားစေတယ်လို့ ဆိုထားပါတယ်၊

ကြက်သွန်နီဟာ အာဟာရတန်ဖိုး ကြွယ်ဝပြီး၊စွမ်းအင်ကိုဖြစ်စေတဲ့ အစာတစ်မျိုးလည်းဖြစ်ပါတယ်။သူ့မှာ ရေဓာတ်၊ပရိုတင်း၊အမျှင်ဓာတ်၊ကာဘွန်ဟိုက်ဒရိတ်၊ထုံးဓာတ်၊ဖော့ဖရပ်စ်ခေါ် မီးစုန်းဓာတ်၊သံဓာတ်၊ကာရိုတင်း၊ရိုင်ဗိုဖလေဗင်၊နိုင်ယာစင်၊သိုင်ယာမင်း စတဲ့အကျိုးပြုအာဟာဓာတ်တွေ အများကြီးပါဝင်ပါတယ်။ဒါကြောင့်မို့ ကြက်သွန်နီဟာ အစာအိမ်အူလမ်းကြောင်းကိုကောင်းမွန်စေရုံသာမက အစာအိမ်အနာ၊ကင်ဆာရောဂါ၊နှလုံးရောဂါစတဲ့ရောဂါမျိုးတွေကို မဖြစ်ပွားနိုင်အောင်လည်းကူညီပေးပါတယ်။ဖျားနာမှုတွေကိုလည်းလျှော့ချပေးပါတယ်။

ကြက်သွန်နီကို နေ့စဉ်စားသုံးခဲ့ရင် သွေးထဲမှာရှိတဲ့ မကောင်းတဲ့အဆီဓာတ်(ကိုလက်စ်ထရော)ကို ကျစေနိုင်ပါတယ်။အငွေ့အမှုန့်တွေကို ရှူရှိုက်မိလို့ ယားယံခြင်းဖြစ်ခဲ့မယ်ဆိုရင်လည်း သူကကာကွယ်ပေးပါတယ်။ကြက်သွန်နီကိုအစိမ်းစားပေးခြင့်ဖြင့် ဆီးချုပ်ရောဂါကိုပျောက်ကင်းပြီးတော့ဆီးရွှင်စေပါတယ်။အသည်းကျန်းမာရေးကိုလည်းအထောက်အကူပြုပါတယ်။

ရှေးဆရာဝန်များကလည်း ချောင်းဆိုးတာ၊ခေါင်းကိုက်တာ သက်သာစေဖို့၊ မြွေဆိပ်ပြေစေဖို့၊ဆံပင်တွေကျွတ်ခြင်းမှ ကင်းဝေးစေဖို့ နဲ့ အမျိုးသမီးတွေ သားမြုံခြင်းကို ကုသရန်အတွက် ကြက်သွန်နီကိုဆေးအဖြစ်ညွှန်းခဲ့ကြောင်းသိရပါတယ်။ ကြက်သွန်နီဟာ အမျိုးသမီးတွေ သွေးဆုံးချိန်မှာ ဖြစ်ပွားတတ်တဲ့ အရိုးကြွပ်ခြင်းအတွက်လည်း အထူးသင့်လျော်ပါတယ်။

ဒါတွေအပြင် နှာခေါင်းပိတ်တာ၊နှာခေါင်းအမြှေးရောင်ရမ်းတာ တို့ကိုလည်းသက်သာပျောက်ကင်းစေပါတယ်။ကြက်သွန်နီကိုစားရင် အသက်ရှူလမ်းကြောင်းမှာရှိတဲ့အချွဲမြှေးတွေကို ပျော်ဝင်စေတဲ့အတွက် ချွဲကျပ်၊ရင်ကျပ်တာတွေ သက်သာစေပါတယ်။ကြက်သွန်နီများများစားပေးရင်လည်း ဦးခေါင်းပိုင်းနဲ့ လည်ပင်းကင်ဆာရောဂါတွေကို ကာကွယ်ပေးပါတယ်။ကြက်သွန်နီမှာ ပါဝင်တဲ့ 3-mercapto-2-methylpentan-1-ol ဓာတ်တစ်မျိုးကလည်း ဆဲလ်များပျက်စီးခြင်းဖြင့် ရောဂါဖြစ်ပွားခြင်းကို ကာကွယ်ပေးပါတယ်။

သူကသွေးလည်ပတ်မှုကိုလည်း ညီမျှအားကောင်းစေပါတယ်။ဒါ့အပြင် ကြက်သွန်နီဟာ အမျိုးသားအင်အားကို တိုးစေရုံသာမက မျိုးပွားအင်္ဂါကိုပါသန်စွမ်းစေတဲ့အတွက် အမျိုးသားတွေအနေနဲ့ ပိုမိုစားသုံးပေးသင့်ပါတယ်။ ဒူလာ၊မီးယပ်ပိန်ခြောက်၊ရင်နာ လေနာရောဂါများအတွက် ဖော်စပ်သောဆေးများတွင်လည်းကြက်သွန်နီကိုထည့်သွင်းအသုံးပြုကြပါတယ်။အပူလောင်ခြင်းအတွက်လည်းကောင်းပါတယ်။မီ်းဖုတ်ထားတဲ့ ကြက်သွန်နီခြမ်းကို အပူူလောင်နာပေါ်မှာ အုံပေးခဲ့ရင် သက်သာစေမှာပါ။လိပ်ခေါင်းရောဂါဖြစ်ခဲ့ရင်လတ်ဆတ်တဲ့ ကြက်သွန်နီကိုအရည်ညှစ်၊သကြားအနည်းငယ်ရောပြီး တစ်နေ့တစ်ကြိမ် သောက်သုံးပေးခဲ့ရင်သက်သာစေမှာဖြစ်ပါတယ်။

ဒါကြောင့်မို့ ကမ္ဘာ့လူမျိုးပေါင်းစုံက နေ့စဉ် အခြေခံအစားအစာအဖြစ် ချက်ပြုတ်အသုံးပြုနေကြပြီး၊ ကျန်းမာရေးအတွက်လည်း ပြည့်စုံကောင်းမွန်တဲ့ ကြက်သွန်နီကို ပို၍တန်ဖိုးထား စားသုံးကြပါလို့ လို့တိုက်တွန်းလိုက်ရပါတယ်။

ဖိုးဝဇီ

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.