Advertisements

ထားဝယ်၊ ဇူလိုင်

မလေးရှားနိုင်ငံတွင် ပြီးခဲ့သည့် မေလ ၂၂ ရက်က စံချိန်တင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးအမှုနှင့်ဆက်စပ်၍ ဖမ်းဆီးခံရသည်ဆိုသော ထားဝယ်ကြီး (ခ)အောင်လွင်ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာပုဒ်မ၁၉(က)ဖြင့် ထားဝယ်ခရိုင်တရားရုံးတွင် ဇူလိုင်လ၁၂ရက်နေ့က တရားစွဲတင်ခဲ့သည်။

ထားဝယ်မြို့၊ကျောက်မော်ရပ်ကွက်၊ ရန်ကြီးအောင်လမ်း၊ အမှတ် (၂၃၂)တွင် မူးယစ်တပ်ဖွဲ့(၃၃)က ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ် အိမ်ခန်းခုတင်အကြားနှင့် မှန်တင်ခုံထဲထည့်ထားသည့် ICE ၁၀ ဂရမ်တွေ့ရှိ၍ ယင်းအမှုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ခရိုင်တရားသူကြီးဒေါ်သန်းသန်းအေးကပြောကြားသည်။

“၆၇/ ၂၀၁၈ဖြင့်အမှုလက်ခံထားတယ်၊နောက်ထပ်ရုံးချိန်း ကတော့ ၂၅ရက်၊ ၇လကို ချိန်းထားတယ်”ဟု၎င်းကဆိုသည်။
လာမည့်ရုံးချိန်းတွင် တရားလို ဒုရဲမှူးကြီးစံသောင်းနှင့် တရားလိုပြသက်သေ ဒုရဲမှူးကြီးဇော်ဝင်းနိုင်တို့ကိုလည်း ချိန်းဆိုထားကြောင်း၎င်းထံမှ သိရသည်။

မလေးရှား စံချိန်တင် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုကို စစ်ဆေးနေသည့် ရန်ကုန်ဆိပ်ကမ်းရဲစခန်းမှ ရဲအရာရှိတစ်ဦးက အောင်လွင်ကို ဇွန်လကုန်ပိုင်းတွင် လာရောက်စစ်ဆေးသွားသည်ဟုလည်း သိရသည်။

“ ယခုအချိန်အထိ မလေးရှားအမှုနဲ့ရန်ကုန်ကိုလွဲှပြောင်း ပေးဖို့ ညွှန်ကြားလာတာ၊ တောင်းလာတာမရှိဘူး”ဟု တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆိုသည်။

ဖမ်းဆီးခံရသော မောင်မောင်နှင့်ဇေယျာဟိန်းတို့နှစ်ဦး ထွက်ဆိုချက်အရ ထားဝယ် ကြီး(ခ)အောင်လွင်နှင့် မလေးရှား၌ တွေ့ဆုံ သိကျွမ်းခဲ့ ပြီး ၎င်းတို့သည်ချင်ကျားမူ(ခ)မကျားဝေ(ခ)နှင်းဦးလွင်နှင့် ဆက်သွယ်ကာမူးယစ်ဆေးဝါးများကို မလေးရှားနိုင်ငံသို့ ပို့ဆောင်ခဲ့ကြောင်းဖော်ထုတ်ရရှိခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထားဝယ်ကြီး(ခ)အောင်လွင်၏ ထွက်ဆိုချက်အရ မောင်မောင်(ခ) HJ Yassin၊ဇေယျာဟိန်း၊ ချင်းကျားမှု(ခ)မကျားဝေ(ခ)နှင်းဦးလွင်၊ ၎င်း၏ ခင်ပွန်း အကိုကြီး(ခ)ကတုံးတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးများကို မလေးရှားနိုင်ငံသို့ ပေးပို့ခဲ့ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့ က ထုတ်ပြန်ထားသည်။

Written by တင့်လွင်

Advertisements
<

Leave a Reply