Advertisements

မော်လမြိုင်၊ ဇွန်

မလေးရှားနိုင်ငံတွင် မေ ၂၂ ရက်နေ့က ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ ကွင်းဆက်တရားခံဟု ရဲတပ်ဖွဲ့က သတ်မှတ်ထားသည့် မောင်မောင် (ခ) Hj Yassin ကို ဇွန် ၅ ရက်နေ့က ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီးနောက် ၎င်းသည် မော်လမြိုင်မြို့ပေါ်တွင်လည်း မြေကွက်နှစ်ကွက်တွဲ ပိုင်ဆိုင်ထားကြောင်း သက်ဆိုင်ရာက ခြေရာခံမိထားသည်။

“၁၆ မိုင်တိုးဂိတ်မှာ တာဝန်ကျတဲ့ SP ရဲတပ်ဖွဲ့က ဖမ်းမိခဲ့တယ်။ ဖမ်းမိထားတဲ့ တရားခံမောင်မောင်က မော်လမြိုင်မြို့ပေါ်မှာရှိတဲ့ မြေကွက်နှစ်ကွက်တွဲကို ဝယ်ယူပိုင်ဆိုင်ထားတာကို စုံစမ်းသိရှိထားတယ်။ တရားဝင် သတင်းအတိအကျ ထုတ်ပြန်သွားမှာပါ” ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိရဲအရာရှိတစ်ဦးက ဇွန် ၈ရက် တွင်ပြောဆိုသည်။

မလေးရှား၊ အကောက်ခွန်ဦးစီးဌာနမှ စီမရစ်မြို့ ကုန်လှောင်ရုံ၌ မလေးရှားနိုင်ငံသား ၃ ဦး၊ မြန်မာနိုင်ငံသား ၃ ဦးတို့နှင့်အတူ မက်အဖက်တမင်း (၁၁၈၇)ကီလိုဂရမ်နှင့် ဘိန်းဖြူ (၇၅၀) ဂရမ်တို့ကို မေ ၂၂ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ပြီးနောက် ပတ်သက်ဆက်စပ်သော ကွင်းဆက်တရားခံများကို ဖော်ထုတ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါမူးယစ်ဆေးဝါးများ ဖမ်းဆီးမှုနှင့်ပတ်သက်၍ စိစစ်ခဲ့ရာ ရန်ကုန်မြို့ရှိ Nice Guy Clearence Service Agency မှ ကုန်သေတ္တာအမှတ် (FSCU 9911521) ထဲတွင် စားသောက်ကုန်များဖြင့် မူးယစ်ဆေးဝါးများကို ရောနှောထည့်သွင်း၍ မလေးရှားသို့ တင်ပို့ခဲ့ကြောင်း ရဲစစ်ချက်မှတ်တမ်းတွင် ဖော်ပြထားသည်။

မြန်မာမှ မလေးရှားသို့ ပို့ဆောင်ရန်အတွက် တာမွေ မြို့နယ်၊ နတ်မောက်ရပ်ကွက်၊ ဖိုးစိန်လမ်း၊ ပထမထပ်၊ မ/၅၀(A)နေ မောင်မောင် (ခ) Hj Yassin က လာရောက်ဆက်သွယ်မှုအရ U Kaung Trading Co.Ltd မှ တာဝန်ယူပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

မောင်မောင်နှင့် ပူးပေါင်းပါဝင်သူများကို ဖော်ထုတ်နိုင်ရေးအတွက် ဇွန် ၂ ရက်နေ့တွင် ဆိပ်ကမ်း မြို့မရဲစခန်း၌ မူး/ စိတ် ဥပဒေ ပုဒ်မ ၂၀(က)/၂၀(ခ)/၂၁ ဖြင့် အမှုဖွင့်ကာ စုံစမ်းစစ်ဆေးခဲ့သည်။ ဇွန် ၂ ရက် နံနက်ပိုင်းတွင် ဆက်စပ်တရားခံ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး မောင်မောင်မှာ မေလ ၃၀ ရက်နေ့ ကတည်းက TOYOTA LEXUS ယာဉ်အမှတ် YGN 5L-8088 နှင့်အတူ ထွက်ပြေး တိမ်းရှောင်နေကြောင်း စိစစ်တွေ့ရှိရသဖြင့် ဆက်လက် စုံစမ်း ရှာဖွေခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

ထို့အပြင် မောင်မောင်နှင့် ပူးပေါင်းပါဝင်သူများမှ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်အသီးသီးတွင် ငွေစာရင်းဖွင့်လှစ်ထားရှိမှုကို ဇွန်လ ၄ ရက်တွင် စုံစမ်းစစ်ဆေးမိခဲ့ရာ ပုဂ္ဂလိကဘဏ် (၂)ခုတွင် မောင်မောင် (ခ) Hj Yassin ငွေစာရင်းနှင့် ဆက်စပ်(၁)ဦးတို့ ငွေစာရင်း၌ ကျပ်သိန်းပေါင်း (၂၈၀၀၀)ကျော်နှင့် ATM ကတ် (၂)ခုတို့အား ထပ်မံစစ်ဆေး တွေ့ရှိခဲ့ရကြောင်း သိရသည်။

ဖမ်းဆီးရမိသူ၏ ဖော်ထုတ်ပြောပြချက်အရ မောင်မောင်သည် မူးယစ်ဆေးဝါးများကို လှည်းကူးမြို့နယ်ရှိ Nice Guy ရေသန့်စက်ရုံမှတစ်ဆင့် အောက်ပုဇွန်တောင်လမ်းရှိ ဂိုထောင်သို့ 3I – 8917 Bongo Box ယာဉ်ဖြင့် သယ်ဆောင် ခဲ့ပြီး ၎င်းမှတစ်ဆင့် သင်္ဘောတင်မှု လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မောင်မောင် (ခ) Hj Yassin [ ၄၄ နှစ်]၏နေအိမ်သို့ ဝင်ရောက်စစ်ဆေးရာ နေအိမ်ခန်း မီးခံသေတ္တာအတွင်းမှ ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း (၂၅၀) ခန့်ရှိ လက်ဝတ် ရတနာမျိုးစုံ (၁၉)မျိုး၊ YGN 5L-8088 TOYOTA LEXUS ယာဉ်အား ငွေကျပ်သိန်း (၁၀၉၀)ဖြင့် ဝယ်ယူထားသည့် စာချုပ်မူရင်း (၁)စောင်၊ ယာဉ်နှင့် ပတ်သက်သည့် မှတ်ပုံတင်စာအုပ်မူရင်း (၁)အုပ်၊ အာမခံပရီမီယမ် မှတ်တမ်းမူရင်းစာအုပ် (၁)အုပ်၊ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း လက်ဝတ်ရတနာများ ဝယ်ယူခဲ့သည့် ပြေစာမူရင်း(၈)စောင် တို့ကို တွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

Written by ခေတ်မင်း (ပျားအုံ)

Advertisements
<

Leave a Reply