Advertisements

မော်လမြိုင်၊ ဇွန်

မလေးရှားနိုင်ငံ၌ စံချိန်တင်ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးမှု၏ တရားခံအဖြစ် ရဲတပ်ဖွဲ့က ဖမ်းဆီးထားသော မောင်မောင် (ခ) HJ Yassin ပိုင်ဆိုင်မှုစုစုပေါင်း ပမာဏ၏ ထက်ဝက်ခန့်မှာ မော်လမြိုင်မြို့တွင်ရှိကြောင်း ဟင်္သာကရရှိထားသော အချက်အလက်များကပြဆိုသည်။

မြန်မာနိုင်ငံမှ တင်သွင်းခဲ့သည့် အဆိုပါ မူးယစ်ဆေးများကို မလေးရှားနိုင်ငံ၌ မေလ ၂၂ ရက်က ဖမ်းဆီးရမိပြီးနောက် မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်ရာမှ ရရှိသော အကျိုးရလဒ်ဟု ယူဆရသည့် အရာ များကို ရဲတပ်ဖွဲ့က စစ်ဆေးရာတွင် မောင်မောင်၏ ပိုင်ဆိုင်မှုစုစုပေါင်းသည် ကျပ်သိန်း ၇၀,၀၀၀ ခန့်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်၌ပါဝင်သည်။

ယင်း၌မော်လမြိုင်ရှိ ပိုင်ဆိုင်မှုပမာဏကို ဟင်္သာကစုံစမ်းရာတွင် ကျပ်သိန်း ၃၄,၀၀၀ ကျော် ခြံမြေများရှိကြောင်း မော်လမြိုင်မြို့နယ်ရဲတပ်ဖွဲ့ထံမှသိရသည်။

“တရားခံမောင်မောင်နဲ့ ဆက်စပ်တဲ့ တရားခံတွေရဲ့ နေအိမ်တွေကိုလည်း စောင့်ကြည့်စုံစမ်း ဖမ်းဆီးရမိဖို့အတွက် လုပ်ဆောင်နေပါတယ်” ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

ယင်းအပြင် ဖော်ပြပါမူးယစ်အမှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသော ဟူစိန် (ခ) မိုဟာမက်ဟူစိန် လက်ရှိပိုင်ဆိုင်ထားသော နေအိမ်များမှာ မော်လမြိုင်မြို့ပေါ်ရပ်ကွက် သုံးခု၌ ရှိနေကြောင်းလည်း ထပ်မံ သိရှိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ ဇွန် ၁၉ရက်ထုတ်ပြန်ချက်တွင် ယင်းအမှုနှင့် စပ်လျဉ်းသူများဖြစ်သည့် ထားဝယ်မြို့နေ ထားဝယ်ကြီး (ခ) အောင်လွင်ထံမှ ကျပ်သိန်း ၂၇,၀၀၀ ကျော်၊ မောင်မောင်(ခ)HJ Yassin ထံမှ ကျပ်သိန်း ၇၀,၀၀၀ ကျော်၊ ဇေယျာဟိန်းထံမှ ကျပ်သိန်း ၄,၀၀၀ ကျော်၊ မင်းနိုင်ထံမှ ကျပ်သိန်း ၅၀၀ ၊ နှင်းဦးလွင်ထံမှ ကျပ် သိန်း ၈၀,၀၀၀ ကျော်၊ မိုဟာမက် ဟူစိန်ထံမှကျပ်သိန်း ၅,၀၀၀ ကျော် ပိုင်ဆိုင်မှုများစိစစ်တွေ့ရှိထားကြောင်းပါဝင်သည်။

ယင်းအပြင် အမှုနှင့် ပါဝင်ပတ်သက်နေသည်ဟု ယူဆရသူများ၏ ပိုင်ဆိုင်မှုများကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက်အရေးယူသွားမည် ဟုလည်း သတင်းထုတ်ပြန်ထားသည်။

Written by ခေတ်မင်း (ပျားအုံ)

Advertisements
<

Leave a Reply