ထားဝယ် ၊ နိုဝင်ဘာ ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ မလွဲှတောင်စစ်ဆေးရေးဂိတ်တွင် နိုဝင်ဘာ၂၇ရက်၊ ညနေပိုင်းက ရေးမြို့ဘက်မှ မောင်းနှင်လာသော နံပါတ်ပြားမပါ HONDA WAVE(100)ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာမှ WY စာတမ်းပါ စိတ်ကြရူးသွပ် ဆေးပြား ၁၃၀၀ ဖမ်းဆီးရမိခဲ့ကြောင်း ကလိန်အောင်နယ်မြေရဲစခန်းထံမှ သိရသည်။

သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိကျေးရွာနေ အောင်ကိုလတ် (၁၇ နှစ် )ကို ယင်းသို့ စစ်ဆေးခဲ့ရာ ၎င်း၏ ဂျင်းဘောင်းဘီရှည် ဝဲဘက်ပေါင်အောက်၊ ဒူးဆစ်အနီးတွင် ယင်းဆေးပြားများကို တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း ၊ သုံးစွဲရန်နှင့် ရောင်းဝယ်ရန်အလို့ငှာ လက်ဝယ်ထားရှိ၊ သယ်ဆောင်လာခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်း၌ ရေးသားထားသည်။

ဖမ်းဆီးရမိသော ဆေးပြားများ၏ စုစုပေါင်းအလေးချိန်မှာ ၁၃၀ဂရမ်ခန့်ရှိပြီး ခန့်မှန်းတန်ဖိုးငွေ ကျပ်၃၉သိန်းခန့်ရှိသည်ဟုသိရ သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အောင်ကိုလတ်( ဥယျာဉ်ခြံလုပ်ကိုင်သူ)ကို ရေဖြူမြို့နယ်၊ ကလိန်အောင်နယ်မြေရဲစခန်းက မယ(ပ)၁၄/၂၀၁၇၊ မူး/စိတ်ဥပဒေပုဒ် မ -၁၅/ ၁၉(က)ဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

Written by တင့်လွင်

Leave a Reply