ချောင်းဆုံ အောက်တိုဘာ

မသန်စွမ်းသူများ၏ အခွင့်အရေး နည်းဥပဒေများအသိပေးမိတ်ဆက်ခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိရေးတွေ့ဆုံဆွေးနွေးပွဲကို ချောင်းဆုံမြို့နယ် မသန်စွမ်းအရင်းအမြစ် ဌာနတွင်အောက်တိုဘာ ၂၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

“မသန်စွမ်းတဲ့လူတွေ ၊ ဆင်းရဲနွမ်းပါးတဲ့လူတွေ မတရားခံရတဲ့ပြစ်မှုဖြစ်စေ ၊ တရားမမှုဖြစ်စေ ၊ အမွေကိစ္စ ဖြစ်စေကူညီဆောင်ရွက်ပေးချင်တဲ့ရည်ရွယ်ချက်နဲ့ အခုဆွေးနွေးပွဲကိုကျင်းပခြင်းဖြစ်တယ်”ဟု တက်ရောက် ဆွေးနွေးသူ အထက်တန်းရှေ့နေဦးသန်းမင်းစိုး ကဆိုသည်။

ချောင်းဆုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့်စီးပွားရေးလုပ်ငန်းရှင်များလည်း တက်ရောက်ခဲ့သည်။

မြို့နယ်မှ မသန်စွမ်းသူများအနေဖြင့် အကြောင်းကိစ္စအကြီးအငယ်ပေါ်ပေါက်လျှင်မြို့နယ်မသန်စွမ်းသူများအဖွဲ့ ကိုချိတ်ဆက်ဆောင်ရွက်ကြရန်လည်းမြို့နယ်မသန်စွမ်းသူများအဖွဲ့မှ စေတနာ့ဝန်ထမ်း ဒေါ်ခင်မိမိချောက ပြောသည်။

ယခုအခါ ကျေးရွာ ၇၈ ရွာရှိသည့်အနက် ၄၈ ရွာတွင်မြို့နယ်မသန်စွမ်းအရင်းအမြစ်ဌာနဖွင့်လှစ်ကာ မသန်စွမ်းသူများအားပံ့ပိုးပေးနိုင်ရန်အရင်းမပျောက်မတည်ငွေများမတည်ပေးခဲ့ကြောင်း၊ ကျေးရွာခံ စေတနာရှင်များဖြင့်မသန်စွမ်းသူများအားကူညီပေးနိုင်ရန်ကော်မတီများဖွဲ့စည်းပေးနိုင်ခဲ့ကြောင်း၎င်းကဆက်လက်ပြောသည်။

ချောင်းဆုံမြို့နယ်မသန်စွမ်းအရင်းအမြစ်ဌာနအနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာနနှင့်ချိတ်ဆက်ပြီးမြို့နယ်အတွင်းရှိ မသန်စွမ်းသူများ၏အခွင့်အရေးကိုကူညီဆောင်ရွက်ပေးနေကြောင်းသိရသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply