မသေချာမှုနှင့် ရွှေ့ပြောင်းအလုပ်သမားများ

“ကျွန်တော်က ထိုင်းနိုင်ငံကို အလုပ်သွားလုပ်တာ မှောင်ခိုနဲ့သွားခဲ့တယ်။ သူများတွေ ၄ ရက်လောက်သွားပြီးရောက်တဲ့အချိန်မှာ ကျွန်တော်တို့က ၁၅ ရက်ကြာသွားတယ်”ဟု ထိုင်းနိုင်ငံကို အလုပ်လုပ်ရန် သွားခဲ့သည့် ဖားအောက်ကျေးရွာသား မင်းတလနွန်က ပြောသည်။

မှောင်ခိုနှင့် သွားရသည့်အခါ ၁၀ ပေလောက်ရှိသည့် ကား၏ အနောက်ဖုံးတွင် လူ ၁၅ ဦးခန့် အိပ်ခိုင်းပြီး ပတ်တူဖြင့် အလုံပိတ်ကာ အသက်ရှုကြပ်ခြင်း၊ ဆီးချုပ်ဝမ်းချုပ်ခြင်းစသဖြင့် အခက်အခဲများစွာကြုံရကြောင်း သူက ပြောပြသည်။

“နောက်ပြီး နိုင်ငံတစ်ခုနဲ့တစ်ခုဖြတ်တဲ့အခါမှာလည်း ကြောက်စရာကောင်းလှတယ်။ ဥပမာ ကော့သောင်းဘက်က သွားရင် လှေနဲ့ဖြတ်တဲ့အခါ လှေပေါ်မှာအိပ်ပြီးတော့ ပိုက်နဲ့ ပြန်ဖုံးလိုက်တယ်။ အဲဒီအချိန်မှာ လှိုင်းကြောင့်လှေ မြုပ်သွားခဲ့ရင် အသက်ဆုံးရှုံးရမယ့်အခြေအနေထိ ဖြစ်လာနိုင်တယ်”ဟု ၎င်းကြုံခဲ့ရသည့် မရေရာမသေချာသော အခြေအနေများအကြောင်းကို ပြောပြသည်။

ထိုင်းနိုင်ငံရောက်သောအခါ ပန်းရောင်ကတ်ကို ပြုလုပ်ရမည်ဖြစ်ပြီး ယင်းကတ်ကို သက်တမ်းသုံးလသာ အသုံးပြုခွင့်ရှိသည့်အပြင် ကန့်သတ်နယ်မြေအတွင်းသာ သွားလာခွင့်ပြုထားသည်ဟု သူက ပြောသည်။

“ကျွန်တော်ကတော့ လှေသားတွေနဲ့အတူ လှေလုပ်သားတွေနဲ့ ကျွန်တော်ကတော့ ဝင်ပြီးတော့ ကတ်ကို ရတယ်။ အဲဒါကို သုံးလပဲရတယ်။ သုံးလပဲရတယ်ဆိုတော့ အဲဒီကတ်ကို ကိုင်ဆောင်တဲ့လူတွေအတွက်က ကန့်သတ်နယ်မြေရှိတယ်။ ရှင်းရှင်းပြောရရင် မြို့နယ်တစ်ခုအတွင်းမှာပဲ သွားလို့ရမယ်”ဟု တလနွန်က ပြောသည်။

MoU လက်မှတ်ရေးထိုးပြီးသည့်နောက်တွင် အလုပ်ရှင်၏ ကုမ္ပဏီသည် အလုပ်သမား သည်မျှရှိကြောင်းကို ထိုင်းနိုင်ငံအလုပ်သမားရုံးကို စာတင်ရမည်ဖြစ်ပြီး အလုပ်ရှင်မှ တင်ပြထားသည့်စာ ခွင့်ပြုချက်ကျသည့်အခါ အလုပ်သမားများသည် ပန်းရောင်ကတ်နှင့်တကွ နယ်စပ်တွင် ယာယီနိုင်ငံကူးလက်မှတ်(ပတ်စပို့စ်) လုပ်ရမည်ဖြစ်သည်။

လူအများစုသည် ဝေါ့ပါမစ်(WP)ကို ပွဲစားနှင့် ပြုလုပ်သူများသည့်အတွက် အလုပ်ရှင်နာမည် မတူခြင်းကြောင့် အခက်အခဲကြုံရသည်များလည်းရှိသည်။

“လုပ်ငန်းရှင်နာမည်လည်းမတူဘူး။ လုပ်တဲ့လုပ်ငန်းကလည်း မတူဘူးဖြစ်နိုင်တယ်။ အဲဒီတော့ ဘာတွေအခက် အခဲဖြစ်နိုင်လဲဆိုရင် ပတ်စပို့စ်ရှိနေတာတောင်မှ ဝေါ့ပါမစ်(WP)ရှိနေတာတောင်မှ အဲဒီလူတွေရဲ့ အခက်အခဲက ဝေါ့ပါမစ်သက်သမ်းကုန်ရင် သက်တမ်းတိုးတဲ့အခါ ကိုယ့်ရဲ့လုပ်ငန်းပိုင်ရှင် အမည်မဟုတ်တဲ့အတွက်ကြောင့် အခက်အခဲပြဿနာတွေ ကြုံရမယ်။ နောက်တစ်ခုကတော့ ပွဲစားတွေရဲ့ အေဂျင်စီတွေရဲ့ ကြိုက်တဲ့ဈေးတောင်းတဲ့ပုံစံံမျိုး ပေးရတာတွေ ရှိနိုင်တယ်”ဟု ၎င်းက ပြောသည်။

MoU လက်မှတ်ရေးထိုးပြီးသည့်နောက်တွင် ပတ်စပို့စ်နှင့် ဝေါ့ပါမစ်(WP)ပြုလုပ်ခြင်းကို ပွဲစားဖြင့် လုပ်ရသည့်အခါ မိမိတို့၏ လုပ်ငန်းရှင်သည်လည်း မည်သူဖြစ်နေသည်ကို မသိရှိသော်လည်း MOU agreement ယူထားသည့် လုပ်ငန်းရှင်သည် ဦးဖြူဖြစ်ဖြစ်၊ ဦးမဲဖြစ်ဖြစ် ဝေါ့ပါမစ်(WP)တွင် သက်တမ်းနှစ်နှစ်ပါရှိမည်ဖြစ်သည်။

“အဲဒီဝေါ့ပါမစ်(WP)ရဲ့ စလစ်မှာ ဘာတွေထိုးထား လဲဆိုတော့ MOU ထိုးထားတဲ့လုပ်ငန်း ရှင်နာမည် တစ်ခါတည်းသူကထည့်ထားတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ထိုင်းနိုင်ငံမှာ သွားပြီး အလုပ်သွား လုပ်တဲ့အခါ ဦးဖြူမှာ မလုပ်ဘဲ ဦးမဲမှာ သွားလုပ်မယ်ဆိုရင် ဒါက ဥပဒေအရ အရေးယူခံနေရတယ်။ ဒီအခက်အခဲတွေလည်း ကြုံနေရတယ်”
ထို့ကြောင့် သက်ဆိုင်ရာဌာနများအနေဖြင့် တစ်ဖက်နိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများကို မည်သည့်လုပ်ငန်းရှင်၊ မည်သည့်အလုပ်များကို သွားရောက်လုပ်ကိုင်မည်ကို သေချာစိစစ်ပေးရန်လိုအပ်ကြောင်း သူ၏အတွေ့အကြုံကို သုံးထားသည်။

“အဲဒီလိုမစစ်ဆေးဘူး အခုဒီအတိုင်းပဲသွားနေမယ်ဆိုရင် ကိုယ့်နိုင်ငံသားတွေပဲ ဟိုမှာ ဒုက္ခရောက်နေရတယ်။ တချို့ကျတော့ ဝေါ့ပါမစ်(WP)မှာအလုပ်အကိုင်အမျိုးအစားက ဆောက်လုပ်ရေးလို့ထည့်ထားပြီးတော့ ဈေးရောင်းနေ တာတွေရှိတယ်။ တကယ်တမ်းထိုင်းရဲက စစ်ဆေးတဲ့အခါမှာ ဖမ်းဆီးတာတွေ ဝေါ့ပါမစ်(WP)သိမ်းတာတွေ ခံနေရတယ်။ အဲဒါကြောင့် ပတ်စပို့စ်တွေ ဝေါ့ပါမစ်(WP)ရှိနေတယ် ဘာလို့အဖမ်းခံနေရလဲဆို အဲဒီပြဿနာ တွေရှိတယ်”ဟု မင်းတလနွန်က ပြောသည်။

“ကျွန်တော်တစ်ခုပြောချင်တာက information အနေနဲ့ပေါ့လေ သူများနိုင်ငံမှာ အလုပ်သွားလုပ်မယ်ဆိုရင် ပထမဆုံးဘာတွေသိသင့်လဲ ဘယ်လိုအချက်အလက်တွေသိသင့်လဲ။ ဒါကို ပညာပေးတဲ့ပုံစံတစ်ခုအနေနဲ့ ဥပမာ အခန်းတစ်ခုမှာ MOU လုပ်မယ်ဆိုရင် ဘာတွေသိသင့်လဲ၊ ဘာတွေလုပ်သင့်လဲ ဘယ်လိုလုပ်ရမလဲ စသဖြင့် ရှင်းပြပေးထားတာရှိရင် ပိုပြီးတော့ ကောင်းမယ်”ဟု မင်းတလနွန်က အကြံပြုပြောကြားသည်။

Written by – ရွှေရိုး

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.