မန္တလေး၊ အောက်တိုဘာ ၄ ရက်။

မန္တလေးမြို့ မဟာမုနိဘုရားကြီးမြောက်ဘက် (၄၅)တာဘောလုံးကွင်းတွင် အဆင့်မြင့်ယာဉ်ရပ်နားစခန်းတစ်ခုကို ဆောက်လုပ်လျက်ရှိရာ ၂၀၁၇ နှစ်ကုန်ပိုင်းတွင် ပြီးစီးမည်ဖြစ်ကြောင်း မဟာမုနိဘုရားကြီးဂေါပကအဖွဲ့ထံမှ သိရှိရသည်။

အဆိုပါ ယာဉ်ရပ်နားစခန်းကို မဟာမုနိဘုရားကြီးဂေါပကအဖွဲ့ကတာဝန်ယူ၍ ၂၀၁၇ခုနှစ် ဇူလိုင်လက စတင်တည်ဆောက်နေခြင်းဖြစ်သည်။

“အဆင့်မြင့်ယာဉ်ရပ်နားစခန်းပြီးစီးရင် လာအပ်နှံတဲ့ယာဉ်တွေကို မောင်းတံဂိတ်မှာ ယာဉ်အပ်နှံသူကို ဓါတ်ပုံ ရိုက်မှတ်သားထားမယ့် ကွန်ပျူတာစနစ်နဲ့ ကိုယ်တိုင်လက်မှတ်ဖြတ်ပြီးဝင်ရမယ်။ ယာဉ်ရပ်နားစခန်းနဲ့ပတ်သက် ပြီးတော့ တင်ဒါမပေးတော့ဘဲ ဂိတ်တံခါးနဲ့ကောင်တာကနေ လက်မှတ်ဖြတ်ပြီး လက်မှတ်အရေအတွက်နဲ့ ဘုရားကြီးဂေါပက ကပဲကောက်ခံဖို့ စီစဉ်ထားတယ်။”ဟု မဟာမုနိဘုရားကြီးဂေါပကအဖွဲ့အတွင်းရေးမှူး ဦးကျော် ကျော်ဦးကပြောသည်။

မဟာမုနိဘုရားကြီးဂေါပကအဖွဲ့က တာဝန်ယူဆောင်ရွက်မည့် လက်ရှိယာဉ်ရပ်နားစခန်းမှအပ ကျန်ယာဉ်ရပ်နား စခန်း(၃)ခုအား နှစ်အပိုင်းအခြားအလိုက် တင်ဒါဆက်လက်ပေးထားမည်ဖြစ်ကြောင်း သိရသည်။

“ဘုရားကြီးမှာလုပ်နေတဲ့ ယာဉ်ရပ်နားစခန်းသာပြီးသွားရင် မန္တလေးမြို့ခံတွေအတွက် မဆိုးဘူး။ မန္တလေးမှာက အလှူကာလတွေဆိုရင် ကားတွေက အဲဒီကနေ(၄၅)ဝန်းထဲမှာ ရပ်ထားရတယ်။ ကားတွေက များလာပြီဆိုရင် ကွေ့ရတာ၊ ရပ်ရတာ အဆင်မပြေဘူး။ အခုလိုလုပ်လိုက်တာ အရမ်းကောင်းတယ်။”ဟု မန္တလေးမြို့ခံ ကိုစိုးလေး ကပြောသည်။

ထို့အပြင် ဘုရားကြီးဝန်းအတွင်းရှိ လိပ်ကန်မြောက်ဘက်မှ ကတ္တရာလမ်းကိုလည်း ယာဉ်ရပ်နားစခန်းနှင့် ကိုက်ညီစေရန် ပြင်ဆင်မှုများ ပြုလုပ်နေပြီး အရှေ့ဘက်မုခ်၊ တောင်ဘက်မုခ်နှင့် အနောက်ဘက်မုခ်များရှိ ယာဉ်ရပ်နားစခန်းများကိုလည်း  ပြင်ဆင်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

written by – MMK

Leave a Reply