မိန်းကလေးတိုင်း နားဝင်ချိုစေမယ့် စကား ၄ ခွန်း

မိန်းကလေးတစ်ယောက်အပေါ် ယောင်္ကျားလေးတစ်ယောက်က နားမလည်နိုင်အောင် ဖြစ်ရပါတယ်ဆိုရင် ဒါဟာ သိပ် အံ့သြစရာကောင်းတဲ့ အချက်တစ်ခုတော့ မဟုတ်ပါဘူး။ သူတို့တွေရဲ့ သဘောထားနဲ့ လိုအင်ဟာ သူတို့မိန်းကလေးအချင်းချင်းတောင်မှ တစ်ခါတလေ ပဟေဠိဆန်လွန်းနေတာမျိုးပါ။ သူတို့ကို ဝမ်းကြာတိုက်မှာ လွယ်မွေးလာခဲ့ရတဲ့ သူတို့မိခင်တွေကိုယ်တိုင်လည်း ကိုယ့်သမီးရဲ့ ဆန္ဒနဲ့ ပြုမူတုံ့ပြန်ချက်တွေအပေါ် မင်သက်ငေးယူရတဲ့ အခိုက်အခါတွေ မကြာခဏဆိုသလို ရှိတတ်တာပဲ မဟုတ်လား။

မိန်းကလေးတစ်ယောက်ကို ချီးကျူးဖို့ဆိုတာ သိပ်တော့ လွယ်ကူရိုးစင်းတဲ့ ကိစ္စမဟုတ်ပါဘူး။ ချီးကျူးမိကာမှ ပြဿနာဘက်ကို ဦးတည်သွားတာ၊ ကိုယ့်ကိုပါ မလိုမုန်းထား၊ ငြိုးသူရန်ဘက် တုံ့ပြန်လာတာမျိုးတွေ လူတိုင်းနီးပါး၊ ကျားမ မရွေး ကြုံတွေ့ သိမြင်ခဲ့ကြပြီး ဖြစ်ပါလိမ့်မယ်။

ဒါပေမဲ့ လူမှုဆက်ဆံရေးနယ်ပယ်မှာပဲဖြစ်ဖြစ်၊ ချစ်မှုရေးရာမှာပဲဖြစ်ဖြစ် လွယ်လင့်တကူ အသုံးတည့်စေနိုင်မယ့်၊ မိန်းကလေးတိုင်းလိုလို နားဝင်ချိုစေမယ့် ခု ဒီစကားလေးခွန်းတော့ နည်းနည်း တီးမိခေါက်မိရှိထားဖို့ လိုပါတယ်။ နှစ်ဦးနှစ်ဖက်အကြားက သံယောဇဉ်ပိုးကြိုးနွယ်မျှင်ကလေးတွေကို ပိုမို နှောင်တွယ်ခိုင်မြဲစေမယ့်၊ မကြာခဏဆိုသလို သုံးနှုန်းပြောဆိုပေးသင့်တဲ့ စကားလေးခွန်းလည်း ဖြစ်ပါတယ်။

(က) ‘ရိုးစင်းတယ်ဆိုပေမယ့် မင်းရဲ့ ပင်ကိုယ်ဟန်ပန်လေးကိုက …’
မိန်းကလေးတွေဟာ အသေးစိတ်ကအစ မှတ်သည်းခြေကြီးတတ်ကြသလိုပဲ အသေးစိတ်ကလေးပါမကျန် အသိအမှတ်ပြုတာကိုလည်း အင်မတန်မှ လိုလိုလားလားရှိတတ်ကြပြန်ပါတယ်။ အထူးသဖြင့် သူတို့ရဲ့ အပြုအမူ၊ ပြောဆိုဟန်၊ တုံ့ပြန်လှုပ်ရှားမှုလေးတွေကို အမှတ်ထင်ထင် ချီးကျူးပေးတာမျိုးက သူတို့ရဲ့ မနောဟဒယကို ကြည်လင်ရွှင်ပြုံးစေပါတယ်။ “မင်း ပြုံးလိုက်ရင် မျက်လုံးလေး အဲဒီလို မှေးစင်းသွားတာလေးကိုက…”လို့ အစချီ ချီးမွမ်းပြလိုက်တာက ‘မင်းရဲ့ ရင်သားတွေ၊ တင်ပါးတွေက ဘယ်လိုလေး’ ဆိုတာထက်တော့ အများကြီး ပို ခရီးတွင်ပါလိမ့်မယ်။ သူတို့အဖို့ နားဝင်ပိုချို၊ ပို နားဝင်ပီယံရှိကြပါတယ်။

(ခ) ‘ဒီနယ်ပယ်မှာ မင်းက တို့ထက် ပို သိ၊ ပိုနားလည်တော့ တို့ မင်းနဲ့ တစ်ခုလောက်တိုင်ပင်ခွင့် ပြုပါလားဟင်’
မိန်းကလေးတွေဟာ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ဉာဏ်စွမ်းဉာဏ်စအပေါ် အမှတ်ပေး အသိအမှတ်ပြုတာမျိုးကို အလွန်ပဲ တောင့်တ လိုလားကြရှာသူတွေပါ။ ဆုံးဖြတ်ချက်တစ်ခုခုကို ချမှတ်မယ်ဆိုတိုင်း သူတို့ရဲ့ သဘောထားမှတ်ချက်အပေါ် မဏ္ဍိုင်ပြုပြီးမှ ရွေးချယ်ဆုံးဖြတ်ပါတယ်ဆိုတာမျိုးက သူ့ရဲ့ သည်းဘဝင်ကို ညွတ်နူးစေမယ့် ကိစ္စပါပဲ။ ဒါ တိမ်မယောင်နဲ့ နက်တဲ့၊ လွယ်မယောင်နဲ့ ခက်တဲ့ အချင်းအရာလည်းဖြစ်တယ်။

(ဂ) ‘ မင်းကသာ ကိုယ့်ရဲ့ အမောပြေဆေးပါ၊ ခွန်အားဖြည့်ဆေးပါ။ မင်းမပါရင် ဒီလမ်းကို တို့ ဘယ်လို အားအင်နဲ့ ဆက်လျှောက်လို့ ဖြစ်နိုင်မှာတဲ့လဲ’
မိခင်ဆန်တဲ့ သူတို့ရဲ့ စိတ်ကူးအတွေးထဲမှာ မကြာခဏဆိုသလို တွေးထင်မိနေတဲ့ အချက်တစ်ချက်လည်း ရှိနေပါတယ်။ သူတို့ကိုယ်တိုင်ဟာ တစ်စုံတစ်ယောက်ရဲ့ ဝန်ထုပ်ဝန်ပိုး၊ ဘေးထွက်ဆိုးကျိုးဖြစ်နေလေမလားဆိုတဲ့ သံသယစိတ်လေးတွေပါ။ အဲဒီအတွက်ကတော့ ခု ဖော်ပြပေးခဲ့တဲ့ စကားလေးတစ်ခွန်းက တူနှစ်ကိုယ်ရှေ့ရေးကို ပျားသကာဆမ်းပေးမှာဖြင့် အသေအချာပါပဲ။

(ဃ) ‘ဒီအသိုင်းအဝိုင်းက မင်းကိုပဲ ခဏခဏ အကဲခတ်နေ၊ သတိပြုလေ့လာနေတော့တာပဲ…’
ဒါကတော့ မိန်းကလေးတွေမှ မဟုတ်ပါဘူး။ လူတိုင်းဟာ ပင်ကိုယ်စိတ်ရင်းအခံကိုက ဘေးပတ်ဝန်းကျင်ရဲ့ စိတ်ဝင်တစား အကဲခတ် လေ့လာစောင့်ကြည့်နေတာမျိုးကို မသိမသာလေး ခံယူချင်နေတတ်တာမို့ ဒီစကားဟာ အထူးတလည် ညွှန်းဆိုဖွဲ့သီပြနေစရာ မလိုတဲ့ ကိစ္စပါ။ အခြားတစ်ဖက်ကနေ ကြည့်မယ်ဆိုရင်လည်း ဒီစကားလေးကို မကြာမကြာ ပြောပေးခြင်းအားဖြင့် တချို့ ကိုင်တွယ်ရခက်တဲ့ အခြေအနေတွေမှာ သူတို့ကိုယ်သူတို့ ကိုယ်ရှိန်သတ်ပြီးသား၊ ထိန်းချုပ်ပြီးသား ဖြစ်သွားတာကို အံ့အားသင့်စဖွယ် မြင်တွေ့ရပါလိမ့်မယ်။

ဒီစကား ၄ ခွန်းကို နှုတ်တိုက်ရွရွ၊ နှုတ်ဝယ်ဖွဖွ အာဂုံဆောင်ထားမယ်ဆိုရင်တော့ သင်နဲ့ မိန်းကလေးတစ်ယောက်ယောက်အကြား ဆက်ဆံရေးဟာ မလိုအပ်ဘဲ တင်းမာနေတာမျိုး၊ မြတ်နိုးရင်းနှီးမှု အရှိန်အဟုန် တံ့နေတာမျိုးတွေ တစ်စတစ်စ ကင်းစင်လာတာကို သင့်ကိုယ်သင် မယုံနိုင်လောက်တဲ့ အထိ တိုးတက်လာ၊ ပြေလွင်ချောမွေ့လာတာကို မျက်မြင်ဒိဌ လက်တွေ့လက်ငင်း ကြုံတွေ့ခံစားရပါလိမ့်မယ်။ ။

Written by နောင်ရိုးထွန်း

Source: radioone

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်