မိမိကိုယ်ကိုသေကြောင်းကြံစည်မှု တနင်္သာရီတိုင်းတွင် တစ်နှစ်ထက်တစ်နှစ်ပိုများလာ

ထားဝယ်၊ မတ်လ ၂၃

တနင်္သာရီတိုင်းဒေသကြီးတွင် ၂၀၁၃ မှ ၂၀၁၇ ခုအထိ ၅နှစ်တာအတွင်း မိမိကိုယ်ကိုသေ ကြောင်းကြံစည်ခဲ့သည့်သေမှုသေခင်းဖြစ်ပွားမှုနှုန်းမှာ တစ်နှစ်ထက်တစ်နှစ် များပြားလာခဲ့ကြောင်း၊ ယခု ၂၀၁၈တွင်၂လကျော်ကာလအတွင်းယင်းအမှု ၂၃မှု ဖြစ်ပွားခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့ထံမှသိရသည်။

ယင်းအမှုမှာ၂၀၁၃ တွင် ၅၁မှုဖြစ်ပွားခဲ့ရာမှ ၂၀၁၄ တွင် ၆၈မှု၊ ၂၀၁၅တွင် ၆၉ မှု၊ ၂၀၁၆ တွင်၈၂မှု၊ ယမန်နှစ်၂၀၁၇တွင် ၁၁၀မှုအထိဖြစ်ပွားမှုနှုန်း တစတစ များပြားလာခဲ့သည်။ ယခု ၂၀၁၈ မတ်လ၂၃ရက်နေ့အထိ ကာလပိုင်း၌ပင် ကြိုးဆွဲချသတ်သေမှု ၁၉ မှု၊ အဆိပ်သောက်မှု ၄မှု ဖြစ်ပွားခဲ့သည်ဟုရဲမှတ်တမ်းအရ သိရသည်။

ယေဘုယျအားဖြင့် ဆိုရသော် လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးအပြင် အထွေထွေအကြောင်းရင်းခံများကြောင့် စိတ်ကျရောဂါကို ရက်ရှည်လများ ခံစားရပြီး မိမိကိုယ်ကိုသေကြောင်းကြံစည်သည်အထိ ဖြစ်လာကြလေ့ရှိကြောင်း အကြီးတန်းရဲအရာရှိတစ်ဦးက ခြုံငုံသုံးသပ်ပြောဆိုသည်။

လူငယ်များတွင် သမီးရည်းစားကိစ္စကြောင့် သေကြောင်းကြံစည်ခြင်းများရှိခဲ့သလို မိသားစု၌ အိမ်တွင်းအကြမ်းဖက်မှုလုပ်ရပ်ကြောင့်မိမိကိုယ်ကို အဆုံးစီရင်မှုများလည်း ဖြစ်ပွားခဲ့သည်ဟု ၎င်းကဖြည့်စွက်ပြောသည်။

“လူငယ်သဘာဝနဲ့ စိတ်ကစားတဲ့ကိစ္စတွေအပေါ်မှာ အကြမ်းပတမ်းပြုလုပ်တာ၊ ဖောက်ထွက်တာပဲ”ဟု၎င်းကမှတ်ချက်ပေးသည်။

မိမိကိုယ်ကို အဆုံးစီရင်ခဲ့ကြရာ၌ ကြိုးဆွဲချ သေကြောင်းကြံစည်မှုမှာ၂၀၁၃ က ၄၆မှု၊ ၂၀၁၄ တွင် ၆၄ မှု၊ ၂၀၁၅ တွင် ၅၆ မှု၊ ၂၀၁၆ တွင် ၇၀ နှင့် ၂၀၁၇ တွင် ၁၀၃ မှုထိ ရှိခဲ့သည်။

အဆိပ်သောက် သတ်သေမှုမှာ ၂၀၁၃ က ၅မှုဖြစ်ပွားခဲ့ပြီး၂၀၁၄မှ ၂၀၁၇ ခုနှစ်များတွင် ၄မှု၊ ၁၃မှု၊ ၁၂မှု၊ ၄မှုဟူ၍ နှစ်အလိုက်ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရသည်။

မိမိကိုယ်ကို ဓားဖြင့်ထိုးမှု ၁မှု၊ မိမိကိုယ်ကို မီးရှို့မှု၁မှုနှင့် တိုက်အမြင့်မှ ခုန်ချအဆုံးစီရင်မှုမှု ၁မှုလည်း ယင်းကာလအတွင်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နှစ် ၂၀၁၇ခုတွင် ကျန်းမာရေးကြောင့် ၄၃မှု၊လူမှုရေးကြောင့် ၂၇မှု၊စီးပွားရေးကြောင့် ၁၇မှုနှင့် အခြားအကြောင်းရင်းများကြောင့် ၂၃မှုဖြစ်ပွားခဲ့သည်။

ယင်းအမှုကိုကျူးလွန်ရာ၌ အရွယ်အားဖြင့် အသက် ၄၀ အထက်မှာ ၃၆မှု ၊ အသက် ၂၅ – ၄၀ ကြားက ၄၄မှု၊ ၁၈- ၂၅ နှစ်ကြား၂၃မှုနှင့် အသက် ၁၀နှစ်မှ ၁၈နှစ်အတွင်းအရွယ်များက ၇မှု ဖြစ်ပွားခဲ့သည်ဟု ရဲမှုခင်းမှတ်တမ်း၌ ဖော်ပြထားသည်။

မည်သူမဆို၊မိမိကိုယ်ကို မိမိသတ်ရန်အားထုတ်၍ ထိုပြစ်မှုကိုကျူးလွန်ရန် ရှေးရှုသော ကြံရွယ်ပြုလုပ်မှု တစ်ခုခုပြုလျှင် တစ်နှစ်ထိ အလုပ်မဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီး ပုဒ်မ ၃၀၉ အရ သိရသည်။

Written by တင့်လွင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်