Advertisements

ယခုလ ပထမသီတင်းပတ်တွင် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လူတန်းစားအလွှာအသီးသီးက ကန့်ကွက်ဆန္ဒပြနေသည့်ကြားမှပင် အမျိုးသားလွှတ်တော်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည်။

ယင်းဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်က ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်(၃) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက တင်သွင်းခဲ့ခြင်းဖြစ်ပြီး ဖော်ပြထားသော အချက်အလက်အချို့မှာ ဒီမိုကရေစီသဘောတရား၊ စံနှုန်းနှင့် ဆန့်ကျင်နေသည်ဆိုကာ တောင်သူလယ်သမား၊ ကာယဉာဏလုပ်သား၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများအပြင် နိုင်ငံရေးစောင့်ကြည့်လေ့လာသူများ၊ တတ်သိနားလည်သူများအပါအဝင် အလွှာအသီးသီးမှ ဝေဖန်ထောက်ပြ ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြသည်။

အရပ်ဘက်အဖွဲ့အစည်း ၁၉၀ ခန့်နှင့် တစ်သီးပုဂ္ဂလ ၁၇ ဦးတို့က သဘောထားကြေညာချက်များ ပူးပေါင်းထုတ်ပြန်ကာ ယင်းပြင်ဆင်ချက်ဥပဒေကြမ်းကို ပယ်ဖျက်ပေးရန် တောင်းဆိုခဲ့ကြသည်။ အတည်မပြုသေးမီ တစ်ရက်ကျော်ကပင် ရန်ကုန်မြို့၌ လူအင်အား ၅၀၀ ကျော် စုရုံးကာ ကန့်ကွက်ဆန္ဒထုတ်ဖော်ထားသေးသည်။

ယင်းတွင် ဖော်ပြပါရှိသည့် ပုဒ်မ ၂ ၊ ၃၊ ၄ တို့မှာ အဓိပ္ပာယ်ဖွင့်ဆိုချက် မတိကျဘဲ အာဏာပိုင်တို့ အလိုကျ ကျယ်ပြန့်စွာ အနက်ဖွင့်ဆို သုံးစွဲနိုင်ခြင်း၊ ပုဂ္ဂလိက လွတ်လပ်ခွင့်နှင့် လုံခြုံခွင့်ကို ထိပါးသည့်အပြင် ငြိမ်းချမ်းစွာ ဆန္ဒပြလိုသူများအဖို့ သတင်းအချက်အလက်လုံခြုံမှုကိုပါ တိုက်ရိုက်စွက်ဖက်လိုခြင်းများ ပါရှိနေသည်ဟု ဝေဖန်သုံးသပ်ကြသည်။ ဆန္ဒပြသူတို့၏ အကူအညီရယူပိုင်ခွင့်နှင့် ဝန်းရံလိုသူတို့၏ အကူအညီပေးပိုင်ခွင့်ကိုလည်း အတွင်းကျကျ ခြယ်လှယ်လိုသည့် သဘောထားများ သက်ရောက်နေသည်ဟု ပြောဆိုထားသူများလည်း ရှိခဲ့သည်။

အနှစ်ချုပ်အားဖြင့် ဆိုရလျှင် အုပ်ချုပ်သူ အာဏာပိုင်ဘက်မှ အသာစီးရယူကာ လူထု၏ လွတ်လပ်ခွင့်နှင့် လုံခြုံခွင့်ကို ခြယ်လှယ်စိုးမိုးရန် အားထုတ်ခြင်း တစ်ရပ်အဖြစ် ယူဆထားသူလည်း အချို့ ရှိနေပြန်သည်။

ပြည်သူ့ဆန္ဒနှင့် မလျော်ညီသော ဥပဒေကြမ်းတစ်ရပ်ကို ထောက်ပြကန့်ကွက်သံများ ပွက်လောရိုက် ဆူညံနေသည့်ကြားမှ အတည်ပြုပြဋ္ဌာန်းလိုက်ခြင်းအဖြစ် ဝေဖန်ရှုတ်ချသူ အများအပြားရှိခဲ့သည်။ ဒီမိုကရေစီအစိုးရလက်ထက် လူထုကိုယ်စားပြု လွှတ်တော်အပေါ် မေးခွန်းထုတ်စရာကား ရှိလာပြန်ချေပြီဟုသာ မိမိတို့အနေဖြင့် ကောက်ချက်ချ သုံးသပ်ရန် အကြောင်းရှိလာခဲ့သည်။

အခြေခံဥပဒေကိုသော်မျှ အများသဘောဆန္ဒနှင့်အညီ မပြင်ဆင်နိုင်သေးမီ ခဲယဉ်းနေဆဲကာလဝယ် အစိုးရ၊ လွှတ်တော်နှင့် ပြည်သူတို့ ရှေ့ဆက်၍ မည်သို့မည်ပုံ စခန်းသွားကြမည်ကိုလည်း အသိ၊ သတိကြီးကြီးဖြင့် လေ့လာကာ ဆွေးနွေးညှိနှိုင်းရန် အထူးလိုအပ်သော အနေအထားဖြစ်ပါကြောင်း အလေးအနက် တိုက်တွန်းလိုရင်းသာ ဖြစ်သည်။

အဖြေရှာလိုက အဖြေကို လည်းကောင်း၊ ပြဿနာရှာလိုက ပြဿနာကိုသာ လည်းကောင်း မိမိတို့ ရှာဖွေရာကိုသာ တွေ့ရှိ သိမ်းပိုက်မိတတ်သော လောကဓမ္မတာ အစဉ်အလာလည်း ရှိနေသည်သာ မဟုတ်ပါလား။ ။

written by – အယ်ဒီတာ

Advertisements
<

Leave a Reply