Advertisements

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁

၇၁ကြိမ်မြောက် မွန်အမျိုးသားနေ့ ဂုဏ်ပြုညစာစားပွဲကို ဖေဖော်ဝါရီ ၁ ရက် ညဦးပိုင်းက နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(MICC-2) တွင် ကျင်းပခဲ့ရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က တိုင်းရင်းသားလူမျိုးတို့သည် မိမိတို့၏ လူမျိုးအား တန်ဖိုးထားချစ်ခင်မြတ်နိုးသကဲ့သို့ အခြားသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးကိုလည်း မိမိ၏ ဆွေမျိုးရင်းချာအဖြစ်သဘောထား၍ လူသားအချင်းချင်း အပြန်အလှန် ယုံကြည်လေးစားလျက် ညီညွတ်မျှတစွာ အတူတကွယှဉ်တွဲနေထိုင်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။

သို့မှသာ မိမိတို့အားလုံး လိုလားတောင့်တနေကြသော ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်သစ် ပေါ်ပေါက်လာမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်အနေဖြင့် အထက်ပါအခမ်းအနားတွင် ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာ၌ ယင်းသို့ ဆိုခဲ့ခြင်းဖြစ်သည်။

အခမ်းအနားကိုအနုပညာတက္ကသိုလ်၊ မန္တလေးမှ ကျောင်းသားကျောင်းသူများက မွန်ရိုးရာ တပင်တိုင်ယိမ်းအကဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ” မွန်အမျိုးသားတွေအတွက်သာမက ကျွန်မတို့တစ်နိုင်ငံလုံးအတွက် မင်္ဂလာရှိတဲ့စကားနဲ့ စရမယ်ဆိုရင် မကြာခင်ကာလမှာ မွန်တိုင်းရင်းသားများဟာလည်း အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ထိုးမယ်ဆိုတဲ့ကိစ္စပါပဲ”ဟု ထည့်သွင်းပြောကြားခဲ့သည်။

ညစာစားပွဲအခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဌ မန်းဝင်းခိုင်သန်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဌ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌတို့အပြင် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဌ သူရရွှေမန်းလည်း တက်ရောက်ခဲ့သည်။ ယင်းအပြင် ပြည်ထောင်စု ဝန်ကြီးများ၊ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ ရာထူးဝန်အဖွဲ့ ဥက္ကဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ဒေသအသီးသီးမှ တက်ရောင်လာကြသော မွန်တိုင်းရင်းသားလူမျိုးများလည်း တက်ရောက်ခဲ့ကြသည်။

Written by လင်းသင်္ခယာ

Leave a Reply