19/05/2019 / Myanmar Now

ပြီးခဲ့သည့်ရက်ပိုင်းက မွတ်စလင်တို့၏ရမ္မဇန်ဥပုသ်လဝတ်ပြုပွဲများမပြုလုပ်ရန်တောင်ဒဂုံမြို့နယ်၌ သွားရောက်ပိတ်ပင်နှောင့်ယှက်သောကြောင့် တရားစွဲခံထားရသူ မိုက်ကယ်ကျော်မြင့်နှင့် အမျိုးသားတစ်ဦးတို့ကိုယခုလ ၂၃ ရက်မတိုင်မီ မြို့နယ်တရားသို့ လာရောက်ရမည်ဟု ၎င်းတို့အား ထုတ်ထားသော တရားရုံးဖမ်းဝရမ်းများတွင်ဖော်ပြ ထားသည်။

Myanmar Now ကရရှိထားသော ထိုဝရမ်းစာများတွင် မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့ နှစ်ဦးသည် ရာဇသတ်ကြီးပုဒ်မ၅၀၅(ခ) ဖြင့်တရားစွဲဆိုခြင်းခံထားရပြီး၊မေလ၂၃ရက် (လာမည့်ကြာသပတေးနေ့) မတိုင်မီတောင်ဒဂုံမြို့နယ်တရားရုံးသို့လာရောက်ရမည်ဟုဖော်ပြထားသည်။

တောင်ဒဂုံ မြို့နယ်တွဲဖက်တရားသူကြီး (၃) ဦးမင်းထက် လက်မှတ်ဖြင့် မေလ ၁၆ ရက်နေ့က တောင်ဒဂုံမြို့နယ်ရဲစခန်း သို့ထုတ်ပြန်သော ထိုဖမ်းဝရမ်းများတွင် ”ကျပ်သိန်း ၁၀၀ တန်ခံဝန်သူ ၂ ယောက်အာမခံ ပေးလျှင် ၎င်းအား လွှတ်ထားခွင့်ရှိသည်” ဟု ဖော်ပြထားသည်။

ထိုအာမခံများသည် ရဲအာမခံများသာ ဖြစ်ပြီး၎င်းတို့နှစ်ဦးတရားရုံးတွင် အချုပ်လွတ်ထုချေခွင့်အာမခံရမည်မရမည်မှာ တရားသူကြီးကထပ်မံ၍ဆုံးဖြတ်ဦးမည်ဖြစ်သည်။

သို့သော်၎င်းတို့နှစ်ဦးသည်လတ်တလောတွင် မူလနေထိုင်ရာအိမ်များတွင်မရှိဘဲ တိမ်းရှောင်လျက်ရှိပြီး၊ မေလ ၁၈ ရက်ညအထိ ရဲက ၎င်းတို့ကိုဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်းသိရှိရသည်။

ရာဇသတ်ကြီးပုဒ်မ၅၀၅(ခ) သည်
နိုင်ငံတော်အစိုးရကိုဖြစ်စေနိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေထိခိုက်သည့်ပြစ်မှုကိုတစ်ဦးတစ်ယောက်ကကျူးလွန်လာအောင်အများပြည်သူကိုဖြစ်စေသီးခြားလူတစ်စုကိုဖြစ်စေကြောက်ခြင်း၊ထိတ်လန့်ခြင်းကို ဖြစ်စေရန်အကြံရှိလျှင် အများဆုံးနှစ်နှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်ပြီးငွေဒဏ်လည်းချနိုင်သည်ဟုပြဋ္ဌာန်းထားသည်။

ဖမ်းဝရမ်းများတွင် မိုက်ကယ်ကျော်မြင့်သည် (ခ/၄၈၇) ပီမိုးနင်းလမ်း၊အမှတ်(၄၂) ရပ်ကွက်၊ ဒဂုံမြို့သစ်မြို့နယ်တွင်နေထိုင်သည်ဟုဖော်ပြထားပြီး၊ သီဟမျိုးနိုင်သည် ခ/၂၈၈(က) ၊ ဓနသုခလမ်းအမှတ် ၅၄ ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်တွင် နေထိုင်သည်ဟု ဖော်ပြထားသည်။

မေလ ၁၅ ရက်ည ဖြစ်စဉ်တွင် မိုက်ကယ်ကျော်မြင့်ပါ လူအင်အား၁၀၀ခန့်သည် တောင်ဒဂုံမြို့နယ်ရှိ ၁၀၆၊ ၆၄ နှင့်၂၆ ရပ်ကွက်များရှိ လူနေအိမ်သုံးလုံးရှိ အစ္စလာမ်ဝတ်ပြုဆောင်တောင်းရာနေအိမ်များအား ဝင်ရောက်စစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီး ဒေသခံအစ္စလာမ်ဘာသာရေးလူကြီးများအား နောင်တွင်ထပ်မံဝတ်ပြုခြင်းမပြုလုပ်ရန် ညသန်းခေါင်ယံအချိန်တွင် ခံဝန်ရေးထိုးစေခဲ့သည်။

၁၉၉၀ အစောပိုင်းကာလများတွင် မြို့သစ်ဖြစ်လာသော တောင်ဒဂုံတွင် မွတ်စလင်များ သောင်းချီနေထိုင်နေကြသော်လည်း ဗလီဆောက်လုပ်ခွင့်မရ သဖြင့်နှစ်စဉ် နေအိမ်များကို အသုံးပြုပြီး ရမ္မဇာန်ဥပုသ်လအတွင်းအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် စုပေါင်းဝတ်ပြုကြသည်။

ယခုနှစ်တွင်လည်း ဒေသခံအာဏာပိုင်များက နေအိမ်သုံးလုံးတွင် ဝတ်ပြုခွင့်ပြုခဲ့သော်လည်း ထိုအိမ်များသည် ဗလီကဲ့သို့သော အမှတ်သင်္ကေတများ ရှိသည်ဆိုကာ မျိုးချစ်အမည်ခံ လူတစ်စုက အင်အားသုံး ဝင်ရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

တောင်ဒဂုံဖြစ်စဉ်တွင် ဦးဆောင်သူဦးယူဆရသူ မိုက်ကယ်ကျော်မြင့်က “ကျုပ်တို့တင်မြှောက်ထားတဲ့ မင်းက အသုံးမကျတာကြောင့် ကျုပ်တို့လည်း အသုံးမကျတဲ့ကောင်တွေဖြစ်သွားပြီ။ ကျုပ်တို့ဘာသာအတွက်၊ ကျုပ်တို့သာသနာအတွက် အဲဒီမင်းမနိုင်တဲ့ တောင်ဒဂုံဗလီကို ဒီညကျုပ်တို့ပြည်သူတွေအပြီးဖြိုမယ်” ဟု အော်ဟစ်ပြီး လူအုပ်က ရဲတပ်ဖွဲ့ဝင်များရှေ့မှာပင် လက်ခုပ်တီးအော်ဟစ်ကြသည်။

ထိုလူအုပ်စုတွင် တုတ်၊ ဓားကိုင်ဆောင်သူများ ပါဝင်သော်လည်း ရဲတပ်ဖွဲ့က ၎င်းတို့ကို ဖမ်းဆီးအရေးယူခြင်းမရှိဘဲ သတင်းလာယူသည့်သတင်းထောက်တစ်ဦးကိုသာ ခေတ္တဖမ်းဆီးထိန်းသိမ်းခဲ့သည်။

လူထုတင်မြှောက်သော အရပ်သားအစိုးရမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာနှင့်လုပ်ပိုင်ခွင့်အကန့်အသတ်များရှိပြီး၊ ဆူပူမှုဖြစ်စဉ်များတွင် အမျိုးသားရေးအမည်ခံ လှုပ်ရှားသူများအား ဥပဒေကြောင်းအရ ဖိဖိစီးစီး အရေးယူမှုမရှိသည်မှာ ဒီမိုကရေစီစနစ်ပီပြင်စွာဖြစ်ပေါ်လာခြင်း မရှိသေးသောအချက်နှင့် သက်ဆိုင်သည်ဟု ပြည်သူများကြားတွင် ယူဆမှုများရှိနေသည်။ ။

Leave a Reply