Advertisements
ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်း

မိုင်းရှင်းလင်းရေး လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းနှင့် တွေ့ဆုံမေးမြန်းခဲ့မှုများမှ ဟင်္သာမီဒီယာက ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

 

ဟင်္သာမီဒီယာ ။ ။ ကရင်ပြည်နယ်အတွင်းမှာ ဆရာတို့ လူမှုဝန်ထမ်းဦးစီးဌာန အနေနဲ့ တိုက်ပွဲရှောင်ဒေသနဲ့ မိုင်းအန္တရာယ် ရှိနေသေးတဲ့ဒေသတွေကို မိုင်းရှင်းဖို့ စတင်လုပ်ဆောင်ဖြစ်ခဲ့တဲ့ အခြေအနေလေးကို သိချင်ပါတယ်။
ဦးဇော်မင်း ။ ။ မိုင်းရှင်းလင်းရေးကိစ္စကို ပြောပြရမယ်ဆိုရင် ၂၀၁၂ ခုနှစ် သမ္မတဦးသိန်းစိန် အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ တိုးတက်ပြောင်းလဲလာတဲ့အချိန်မှာ  အဲ့ဒီအချိန်တုန်းက MPC ပေါ့၊ ငြိမ်းချမ်းရေးစင်တာကနေ အပစ်ရပ်တိုင်းရင်းသားညီအစ်ကိုတွေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် အကောင်အထည်ဖော်ဆောင်မှုတွေ တိုးတက်ပြောင်းလဲလာတယ်၊ ဒေသတွေလည်း အေးချမ်းလာတယ်။
ငြိမ်းချမ်းရေး ဖြစ်စဉ်ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေ၊ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ ပြီးရင်၊ ပြည်သူလူထုက အလုံးစုံ အန္တရာယ်ကင်းတဲ့ ဘဝတွေ တည်ဆောက်နိုင်ဖို့အတွက် သူတို့နေထိုင်တဲ့အရပ်ဒေသတွေမှာ စစ်ကျန် ပစ္စည်းတွေ ရှင်းလင်းပေးရေးဆိုတဲ့ လုပ်ငန်းစဉ်တွေ ပါရှိလုပ်ဆောင်ရပါတယ်။ နိုင်ငံတော်အစိုးရကကျွန်တော်တို့ရဲ့ လူမှုဝန်ထမ်း/ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနကို မိုင်းအန္တရာယ် အသိပညာပေးရေးလုပ်ငန်း ကော်မတီဆိုပြီး ကျွန်တော်တို့ဝန်ကြီးကို တာဝန်ပေးပြီးတော့ ကျန်တဲ့ ဆက်စပ်ဌာနဆိုင်ရာတွေ တပ်မတော်က ကိုယ်စားလှယ်တွေရောပါဝင်တဲ့ ပြည်ထောင်စုအဆင့်ကော်မတီတစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်။ အဲ့ဒီကမှတစ်ဆင့် ပြည်နယ်အဆင့်ကော်မတီတွေကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်ကို ဒီမိုင်းအသိပညာပေးရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက်နေပြီး ထူးခြားချက်အနေနဲ့ကတော့ ကရင်ပြည်နယ်ကော်မတီမှာတော့ ကျွန်တော်တို့ဌာနရယ်၊ တပ်မတော်က ကိုယ်စားလှယ်တွေရယ် ကျွန်တော်တို့ တိုင်းရင်းသား ညီအစ်ကိုငြိမ်းချမ်းရေး အပစ်ရပ် လက်နက်ကိုင်အဖွဲ့က သူတွေရယ် ဆက်စပ်ဌာနဆိုင်ရာက သူတွေရယ်ပူးပေါင်းပြီးတော့မှ ၃ လတစ်ကြိမ် တွေ့ဆုံဆွေးနွေးပွဲတွေပြုလုပ်ပြီး အသိပညာပေးလုပ်ငန်းတွေကို ဒီကနေ့အထိတိုင်အောင် လုပ်ဆောင်နေပါတယ်။

ဟင်္သာမီဒီယာ ။ ။ ကရင်ပြည်နယ်အတွင်းမှာ မိုင်းအသိပညာပေး လုပ်ငန်းစဉ်တွေကို အောက်ခြေအဆင့်တွေမှာ ဘယ်လို ထိတွေ့ သင်ကြား လုပ်ဆောင်အသိပေးနေတဲ့ အပိုင်းလေးကိုလည်း ရှင်းပြပေးပါ။
ဦးဇော်မင်း ။ ။ ကရင်ပြည်နယ်အတွင်း မိုင်းအသိပညာပေးဆောင်ရွက်တဲ့နေရာမှာ အရေးကြီးတဲ့နေရာတွေ ဦးစားပေးဆောင်ရွက်တဲ့ လုပ်ငန်းရှိသလို အရေးကြီးတဲ့ နယ်ပယ်ကို ရွေးချယ်ပြီးတော့ လုပ်ဆောင်တဲ့လုပ်ငန်းစဉ် ရှိပါတယ်။အရေးကြီးတဲ့ နယ်ပယ်ဆိုတာကတော့ နိုင်ငံတကာ သုတေသန ပြုချက်တွေအရကတော့ မိုင်းအန္တရာယ်ခံစားရတဲ့သူတွေမှာ ကလေးသူငယ်တွေပဲ အဖြစ်များတယ်။ ကလေးတွေက လူကြီးတွေထကိ ထိခိုက်ခံစားရနှုန်း ပိုများပါတယ်။
ဒါကြောင့် ကျွန်တော်တို့ ကရင်ပြည်နယ်မှာ ပညာရေးဌာနက စာသင်ကျောင်း ဆရာ/မတွေကို နည်းပြသင်တန်းတွေပေးပြီးတော့ ကလေးတွေကို အသိပညာပေးတဲ့ လုပ်ငန်းစဉ်တွေကို ယူနီဆက် UNICEF ဆိုတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး နည်းပြသင်တန်းတွေ လုပ်ဆောင်နေပါတယ်။ အဲဒီမှာ အရေအတွက်အနေနဲ့ ၂၀၁၆ ခုနှစ်မှာ ဆရာ/မ ၂၁၀ ကို နည်းပြသင်တန်းတွေ ဖွင့်လှစ်ပို့ချခဲ့ပြီးတော့ ကျောင်းသူ/ကျောင်းသားတွေကို သူတို့စာသင် ချိန်အားလပ်တဲ့အချိန်တွေမှာ မိုင်းအသိပညာပေးတာတွေကို သင်ကြားပို့ချနိုင်ခဲ့ပါတယ်။ အခုဆိုရင် ကလေးပေါင်း ၇ သောင်းအထိကို အသိပညာပေးနိုင်ခဲ့ပါပြီ။

ဟင်္သာမီဒီယာ ။ ။ ဆရာတို့အနေနဲ့ပြည်နယ်အတွင်းက လူထုနဲ့ ထိတွေ့ ပေါင်းစပ်လုပ်ဆောင်နေရတဲ့ ဆက်စပ်ဌာနတွေနဲ့ မိုင်းအသိပညာပေး လုပ်ဆောင်နေတယ်ဆိုတာလည်း ကြားသိရပါတယ်။ ဒီအစီအစဉ်ကရော ဘယ်လိုလုပ်ဆောင်မှုမျိုး တွေမှာ ပါဝင်လုပ်ဆောင်စေတာပါလဲ။
ဦးဇော်မင်း ။ ။ ဒါက ကရင်ပြည်နယ် မိုင်းအသိပညာပေးရေး အစီအစဉ်ရဲ့ ထူးခြားချက်ပါ။ ပြည်နယ်အတွင်းမှာ ပြည်သူလူထုနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံရတဲ့ဌာနတွေဖြစ်တဲ့ စိုက်ပျိုးရေးဦးစီးဌာန၊ သစ်တောဌာန၊ မြေစာရင်းဦးစီးဌာန၊ ပြန်/ဆက်ဌာန တွေက ပြည်သူလူထုကြားမှာ သွားရောက်တာ ဝန်ထမ်းဆောင်ကြတဲ့အခါမှာ မိခင်ဌာနက လုပ်ဆောင်ရမယ့် တာဝန်တွေကို ထမ်းဆောင်ကြရင်း သူတို့ကိုယ်တိုင် မိုင်းအသိပညာပေး လုပ်ငန်းတွေကို ပြည်သူလူထုထံ အသိပညာပေးတာ၊ မိုင်းအန္တရာယ်အသိရှိကြဖို့ ပြောဆို ဆွေးနွေးတာ၊ လုပ်ငန်းခွင်အတွင်း မိုင်းအသိရှိပြီး လုပ်ကိုင်ကြတဲ့အတွက်ဘေးအန္တရာယ်ကနေ ရှောင်ရှားနိုင်တာတွေကို ပြည်သူလူထုအတွင်း မိမိဌာန လုပ်ငန်းတွေ လုပ်ဆောင်ရင်း ပူးပေါင်းဆောင်ရွက်နိုင်စေတာပါ။

ဟင်္သာမီဒီယာ ။ ။ အခုဆိုရင် နိုင်ငံတကာ မိုင်းရှင်းလင်းရေး NGO/INGO တွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ အစီအစဉ်တွေရှိနေတယ်၊ လုပ်နေတယ်လို့လည်းသိရပါတယ်။ သူတို့နဲ့ ပူးပေါင်းပြီး မိုင်းအသိပညာပေးလုပ်ငန်း လုပ်ဆောင်ကြတဲ့ အခြေအနေကရော ဘယ်လိုရှိပါသလဲခင်ဗျား။
ဦးဇော်မင်း ။ ။ အခုဆိုရင် ကျွန်တော်တို့ပြည်နယ်အတွင်းမှာ မိုင်းရှင်းလင်းရေးကို ပူးပေါင်းလုပ်ဆောင်မယ့် မိတ်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ DCA,The Halo Trust , MAG, NPA ဆိုတဲ့ အဖွဲ့တွေက ပြည်သူကြားထဲမှာ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ မလုပ်ခင်မှာ ကျေးရွာပြည်သူလူထုတွေကြားမှာ မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းတွေကို သူတို့လည်းလုပ်ပါတယ်။ အဲ့ဒီလိုသူတို့နဲ့ ကျွန်တော်တို့ ပညာရေး/ဌာနဆိုင်ရာ ပူးပေါင်းလုပ်ဆောင်ပညာပေးနိုင်တဲ့ လူဦးရေက ၃ သိန်း ၃ သောင်းကျော်အထိ ရှိနေပါပြီ။

ဟင်္သာမီဒီယာ ။ ။ ကရင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့တွေရဲ့ မိုင်းရှင်းလင်းရေး လုပ်ဆောင်ချက်တွေအပေါ်မှာ လမ်းညွှန် ပေါင်းစပ်ဆောင်ရွက်ပေးနေတာတွေ၊ ထောက်ပံ့ကူညီ ပေးနေတာတွေ ဝန်ကြီးချုပ်ရဲ့ သဘောထားကရော ဘယ်လိုအမြင်တွေရှိပါလဲ ဒီမိုင်းရှင်းလင်းရေး လုပ်ငန်းအပေါ်မှာပေါ့ဆရာ။
ဦးဇော်မင်း ။ ။ ကျွန်တော်တို့ရဲ့ပြည်နယ်ဝန်ကြီးချုပ်ကြီးက ပြည်နယ်အတွင်းက တိုင်းရင်းသား ညီအစ်ကိုအဖွဲ့တွေရဲ့ တချို့ဒေသတွေမှာ ပစ်ခတ်မှုတွေ ရှိနေတယ်။ အဲ့ဒီဒေသတွေမှာတိုက်ပွဲရှောင် နေကြရတဲ့ ဒေသခံပြည်သူတွေ ရှိနေတယ်။ အဲဒီဒေသက ပြည်သူတွေ သူတို့ရပ်ရွာတွေမှာ အေးအေးချမ်းချမ်း သာသာယာယာ နေထိုင်နိုင်ကြဖို့အတွက် ပြည်နယ် ဝန်ကြီးချုပ်ကြီးကသူတို့ဒေသတွေ အလုံးစုံ အန္တရာယ်ကင်းသော ဘဝတွေဖြစ်အောင် ဆောင်ရွက်ပေးစေချင်တဲ့ ဆန္ဒတွေရှိနေပါတယ်။ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို လုပ်ပေးချင်ပါတယ်။ တချို့တိုက်ပွဲရှောင်ဒေသခံတွေကလည်း သူတို့ရပ်ရွာတွေမှာ မိုင်းအန္တရာယ်နှင့် တိုက်ပွဲတွေ ရှိနေနိုင်တာကြောင့် မပြန်နိုင်သေးတဲ့အပေါ်မှာ ဝန်ကြီးချုပ်က ဖြစ်စေချင်တဲ့အပေါ်မှာ တစ်ဖက်ကလည်း နိုင်ငံတကာ အဖွဲ့အစည်း ၃ ဖွဲ့ကနေသူတို့မိုင်းရှင်းလင်းဖို့တင်ပြလာပါတယ်။ တင်ပြလာတဲ့အပေါ်မှာ ပြည်ထောင်စုကို တင်ပြတဲ့အခါမှာ အခု မတ်လမှာ ပြည်ထောင်စုဝန်ကြီးဖြစ်တဲ့ဒေါက်တာဦးဝင်းမြတ်အေးက ပြည်နယ်မှာလာပြီး ဝန်ကြီးချုပ်ကြီးနဲ့ လူမှုဝန်ထမ်းဌာန၊ ကယ်ဆယ်ရေးဌာန၊ သဘာဝဘေးဒဏ် စီမံခန့်ခွဲရေးကော်မတီနဲ့ တွေ့ဆုံဆွေးနွေးပြီး မိုင်းရှင်းလင်းရေးလုပ်ငန်း လုပ်ဆောင်နိုင်ဖို့ရယ် မြိုင်ကြီးငူတိုက်ပွဲရှောင်ဒေသက ဒေသခံတွေ နေရပ်ပြန်နိုင်ဖို့ရယ်ကို အဓိကထားဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုအဆင့်မှာ တင်ပြဆွေးနွေးဆုံးဖြတ်တဲ့အခါမှာ လူကြီးတွေက ခွင့်ပြုတဲ့အတွက် အခုမေလမှာ လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသ ရင်းပိုင်းအုပ်စု ကျုံထော် ရေတံခွန် အနီးတစ်ဝိုက်က ကျေးရွာတွေကို အဓိကထား မိုင်းရှင်းလင်းဖို့ ကိုပြည်ထောင်စုက ခွင့်ပြုချက် ရရှိပြီးပါပြီ။

ဟင်္သာမီဒီယာ ။ ။ အခု ဆရာပြောတဲ့ လှိုင်းဘွဲ့မြို့နယ်အတွင်းမှာ မိုင်းရှင်းလင်းခွင့် ရပြီဆိုတော့ ပြည်နယ်အနေနဲ့ ဒီလုပ်ငန်းစဉ် အပေါ်မှာ ဘယ်လို အစီအမံတွေနဲ့ ပြည်သူလူထု ပြန်လည်အခြေချနေထိုင်နိုင်ဖို့ လုပ်ဆောင်သွားမယ့် အစီအစဉ်တွေကို သိချင်ပါတယ်ခင်ဗျား။
ဦးဇော်မင်း ။ ။ ပထမဆုံးအနေနဲ့ သက်ဆိုင်ရာ ပါဝင်သင့် ပါဝင်ထိုက်သူတွေ ရှိပါတယ်။ တပ်မတော် တာဝန်ရှိသူတွေ၊ ပြည်နယ်အစိုးရ၊ ငြိမ်းချမ်းရေးအဖွဲ့တွေ နောက်ပြီး အခုနိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ကြမယ့် NGO အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးပွဲတွေလုပ်နေတာ ၂ ကြိမ်ရှိပါပြီ။ လုံခြံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့ ဆွေးနွေးပွဲတွေလုပ်ပြီး နိုင်ငံတော်အဆင့် လူကြီးတွေဆီလည်းတင်ပြပြီးပါပြီ။ မိုင်းရှင်းလင်းရေးလုပ်ငန်းက မြေပြင်မှာ တိုက်ရိုက်လုပ်ဆောင်လို့ မရပါဘူး။ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်အရ နည်းပညာမပါသော အကြိုကွင်းဆင်းစစ်ဆေးမှုတွေကို အရင်လုပ်ဆောင်ရပါတယ်။ ပြီးမှ ဒုတိယအဆင့်အနေနဲ့ နည်းပညာပါသော ကွင်းဆင်းတိုင်းတာရေးတွေ အချက်အလက်ကောက်ယူရေးတွေ လုပ်ရပါတယ်။ အဲ့ဒီအဆင့်ကို များမကြာမီ လုပ်ဆောင်မှာဖြစ်ပြီး မိုင်းရှင်းလင်းရေးကိုတော့ တပ်မတော်ရယ် ပါဝင်သင့် ပါဝင်ထိုက်သူတွေရယ် ပူးပေါင်းပြီးလုပ်ဆောင်မှာပါခင်ဗျား။

ဟင်္သာမီဒီယာ ။ ။ ကရင်ပြည်နယ်အတွင်းမှာ စစ်ဘေးရှောင်စခန်းတွေရှိနေတယ်။ မိုင်းဒဏ်သင့် သူတွေရှိနေတယ်။ မသန်မစွမ်းတွေ၊ သက်ကြီးဘိုးဘွားတွေ ကိုယ်ဝန်ဆောင် မိခင်တွေ ၅ နှစ်အောက်ကလေးတွေ ရှိနေတယ်။ သူတို့တွေကို လူမှုဝန်ထမ်းဌာနက ဘယ်လိုစောင့်ရှောက်ထောက်ပံ့မှုတွေ ပေးနေပါသလဲခင်ဗျား။
ဦးဇော်မင်း ။ ။ ပြည်နယ်အတွင်းမှာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်နဲ့ ဆက်စပ်ပြီးတော့ ကူညီထောက်ပံ့နေတာတွေရှိပါတယ်။ မိုင်းရှင်းလင်းဖို့ ကနဦး အချက်အလက်ကောက်ယူတဲ့ အလုပ်ကို မလုပ်ခင်မှာ ဒေသခံတွေကို NGO တွေက သင်တန်းပေးပါမယ်။ သင်တန်းပေးတဲ့အတွက် အလုပ်အကိုင်ရရှိမှုတွေလည်း ဖြစ်ပေါ်လာပါလိမ့်မယ်။ ဒါက တပ်မတော်၊ အစိုးရ၊ ပြည်သူ၊ NGO တွေရဲ့ ပူးပေါင်းလုပ်ဆောင်မှုပေါ့။ နောက်တစ်ခုက မြိုင်ကြီးငူဒေသမှာရှိတဲ့ တိုက်ပွဲရှောင်သူတွေကို ပြည်နယ်အစိုးရရယ်၊ ပြည်ထောင်စုအစိုးရရယ် ပူးပေါင်းပြီးတော့ သူတို့တွေရဲ့ နေရေး၊ စားရေးသောက်ရေး ကျန်းမာရေးတွေကို ပြုစုစောင့်ရှောက်ပေးနေပါတယ်။
အခု ဒီဧပြီလထဲမှာဆိုရင် ပြည်ထောင်စုအစိုးရနဲ့ လူမှုဝန်ထမ်းဦးစီးဌာနကဘတ်ဂျက်နဲ့လူမှု ကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်အစီအစဉ်နဲ့ ဒေသခံတွေ လူမှုဘဝအားနည်းချက်ရှိနေတဲ့ မိသားစုတွေကို ကူညီထောက်ပံ့မှုအစီအစဉ်တွေ စတင်နေပါပြီ။ မြိုင်ကြီးငူဒေသ တိုက်ပွဲရှောင်ဒေသခံတွေထဲက အမျိုးသမီးတွေ ဦးဆောင်နေရတဲ့ မိသားစုတွေ၊ အသက် ၅ နှစ်အောက်ကလေးတွေ အသက် ၆၀အထက် အဖိုးအဖွားတွေ၊ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်လက်အင်္ဂါမသန်မစွမ်း ဖြစ်နေသူတွေကို တစ်ဦးလျှင် တစ်သိန်းနှုန်းဖြင့်၊ ၁၂၆၉ သိန်းကို နေရပ်အလိုက်ထောက်ပံ့နေပါပြီ။ ဒါ့အပြင် လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ကတော့ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးရက်တစ်ထောင် အပိုင်းအခြားအထိ မိခင်နှင့်ကလေးကို အဟာရပြည့်ဝလုံလောက်စွာ ရရှိစေဖို့နဲ့ ပုညှက်နှုန်း လျော့ကျလာစေဖို့ ရည်ရွယ်ပြီး ကလေးစိတ်ပိုင်းရုပ်ပိုင်း ဖွံ့ဖြိုးလာစေဖို့ကိုလည်း လုပ်ဆောင်ဖို့ ပြင်ဆင်နေပါတယ်။

Written by ရာဟု( ဖားအံ )

Leave a Reply