ချောင်းဆုံ ၊ ဇွန်

ယခုနှစ်မိုးစပါးစိုက်ပျိုးရာတွင် ယခင်နှစ်ထက် စိုက်ပျိုးစရိတ်များ ပိုမိုမြင့်တက်မှု ရှိနေကြောင်း ဒေသခံလယ်သမားများက ပြောသည်။

ယင်းအပြင် လယ်အတွင်း ခရုဝင်ရောက်ဖျက်ဆီးမှုကြောင့်လယ်သမားအချို့မှာ ပြန်လည်စိုက်ပျိုးနေရသည်လည်း ရှိကြောင်း သိရသည်။

“ဒီနှစ်မှာ ကောက်စိုက်သမတစ်ဦးတစ်နေ့တာကောက်စိုက်ခ ၆၀၀၀ ကျပ် ၊ ပျိုးနုတ်စရိတ်လက်စည်းပေါ ၁၀၀ ကို ၂၅၀၀ ကျပ် ပေါက်စျေးတွေနဲ့ စိုက်ပျိုးလုပ်ကိုင်နေတယ်”ဟု ကော့မုပွန်ကျေးရွာလယ်ကွင်းကလယ်သူမ ဒေါ်အေးသန်းကဆိုသည်။

ယခင်နှစ်ကကောက်စိုက်သမတစ်ဦးနေ့စားခအမြင့်ဆုံးစျေးနှုန်းမှာ ၄၅၀၀ ကျပ်မှ ၅၀၀၀ ကျပ်ထိဖြစ်ခဲ့ပြီးပျိုးနုတ်စရိတ်လက်စည်းပေါ ၁၀၀ ကို ၁၅၀၀ကျပ် အမြင့်ဆုံး ဖြစ်ခဲ့သည့်အတွက် ယခုနှစ်တွင် စိုက်ပျိုးစရိတ် ပိုမိုကုန်ကျမှု ရှိကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။

“ဒီနှစ်မှာ စိုက်ပျိုးစရိတ်စျေးနှုန်းတွေမြင့်တက်နေတယ် ကျဲခင်းစနစ်ထက်စိုက်စနစ်ကို လုပ်ကိုင်တဲ့ လယ်သမားက များလာတာရယ်၊ ဒေသပြင်ပက ကောက်စိုက်သမတွေလာရောက်စိုက်ပျိုးလုပ်ကိုင်တာလည်းမတွေ့ရဘူး၊ ဒေသခံတွေအချင်းချင်းကို အပြိုင်အဆိုင်ငှားရမ်းနေရတဲ့အတွက်နောက်ကျလေ ပိုပြီး စိုက်ပျိုးကုန်ကျစရိတ်တွေ မြင့်လာနိုင်တယ်”ဟုကွမ်ရိုက်ကျေးရွာက လယ်သမား ဦးညီလွင်က ဆိုသည်။

ဒေသတွင်လယ်သမားအချို့မှာမိုးစပါးစိုက်ပျိုးပြီးသော်လည်း ခရုဖျက်ဆီးမှုကြောင့်ထပ်မံစိုက်ပျိုးနေရပြီးအချို့မှာပျိုးခင်းများပျက်စီး၍ စိုက်ပျိုးစရိတ်ပိုမိုကုန်ကျမှုလည်းရှိနေကြောင်း ဒေသခံလယ်သမားများက သိရသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply