မိုးစပါး ချေးငွေကို မေလ ဒုတိယအပတ်တွင် စတင် ထုတ်ချေးမည်

မော်လမြိုင်၊  မေ

ယခုနှစ် မွန်ပြည်နယ်၏ မိုးစပါး ချေးငွေကို မေလ ဒုတိယအပတ်တွင် စတင် ထုတ်ချေးပေး သွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် (မွန်ပြည်နယ်ဘဏ်ခွဲ)မှ ပြည်နယ်မန်နေဂျာ ဦးကျော်စွာလှိုင်က ဟင်္သာမီဒီယာသို့ပြောကြားသည်။

အဆိုပါ မိုးစပါး ချေးငွေကို မွန်ပြည်နယ်၏ မြို့နယ် ၁၀ မြို့နယ်လုံးရှိ ဘဏ်ခွဲ အသီးသီးတွင် ထုတ်ချေးပေးသွားမည်ဖြစ်ပြီး၊ ကျပ်သိန်းပေါင်း လေးသိန်းခွဲ ကျော် ထုတ်ချေးပေးရန် စီစဉ်ထားကြောင်း ၎င်းက ပြောသည်။

“ချေးငွေကိုတော့ အရင်နှစ်ကလိုပဲ မေလ ဒုတိယအပတ်တွင်း ပေးနိုင်အောင် ကြိုးစားနေတယ်၊ လာချေးတဲ့သူ များရင် များသလို ထုတ်ချေးသွားမယ်”ဟု ဦးကျော်စွာလှိုင်က ဆိုသည်။

မိုးစပါး ချေးငွေယူမည့် တောင်သူလယ်သမားများကို တစ်ဧကလျှင် ကျပ် တစ်သိန်းခွဲ နှုန်းဖြင့် ထုတ်ချေးပေးမည်ဖြစ်ကာ တောင်သူ လယ်သမား ကိုယ်တိုင် လာရောက် ထုတ်ယူ၍ ပြန်ဆပ်ရမည့် စနစ်ဖြစ်ပြီး အတိုးနှုန်းမှာ ရှစ် ရာခိုင်းနှုန်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ချေးငွေ ထုတ်ပေးရန် မြို့နယ်အလိုက် ကျေးရွာအုပ်စုများမှ ချေးငွေ စိစစ်ရေးအဖွဲ့နှင့် အုပ်ချုပ်ရေးမှူးမှ တောင်သူလယ်သမားများကို အစည်းအဝေးခေါ်၍ ဖြည့်စွက်ရမည့် စာရွက်စာတမ်းများအတွက် ရှင်းလင်းထားပြီ ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“တောင်သူတွေကြုံနေရတဲ့ အဓိကအခက်အခဲက ဓာတ်မြေသြဇာပါ၊ အစိုးရဘက်က ချပေးရင် ဝယ်ရတာ ဈေးမကြီးဘူး၊ အခု ပုဂ္ဂလိကကနေ တဆင့်ဝယ်ရတာဆိုတော့ ငွေကြေး အခက်အခဲရှိတယ်”ဟု ကမာဝက်မြို့မှ စပါးစိုက် တောင်သူ ဦးပန်းအိမ်က ဟင်္သာမီဒီယာသို့ ပြောသည်။

ပြီးခဲ့သည့်နှစ် မွန်ပြည်နယ်တွင် မိုးစပါး ချေးငွေ ကျပ်သိန်းပေါင်း ၄၃၆,၅၆၄ သိန်းကျော် ထုတ်ချေးပေးထားသည်။

Written by ဂေထော

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်