Advertisements

 

မော်လမြိုင် နိုဝင်ဘာ

မိုးစပါး ချေးငွေ ရယူထားသော လယ်သမားများအနေဖြင့် ချေးငွေကို သတ်မှတ်ချိန်ထက် တစ်လ နောက်ဆုတ်၍ ပြန်လည် ပေးဆပ်နိုင်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ပြည်နယ်ဘဏ်ခွဲမန်နေဂျာ ဦးကျော်စွာလှိုင်က ဟင်္သာမီဒီယာသို့ ပြောဆိုသည်။

ပုံမှန်အားဖြင့် စိုက်ပျိုးစရိတ်ချေးငွေများကို ဖေဖော်ဝါရီလကုန်ပိုင်း၌ အကျေပေးဆပ်ရသော်လည် ယခုအခါ ရေလွှမ်း၍ ပျက်စီးမှုများ ရှိနေသဖြင့် မတ်လကုန်အထိ ပြန်လည် ပေးသွင်းနိုင်ကြောင်း ၎င်းက ပြောသည်။

“သီးနှံပျက်စီးထိခိုက်တဲ့ လယ်သမားတွေကိုပဲ ဖြေလျှော့ပေးတာပါ။ ဘာမှမထိခိုက်တဲ့ လယ်သမားတွေကတော့ စပါးထွက်ပြီးလို့ ရောင်းချချိန်တွယ်ပြီးတဲ့နောက် ပြန်ဆပ်ရမှာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

အမှန်တကယ် ရေလွှမ်းဒဏ်ခံရခြင်းရှိ မရှိ သိနိုင်ရန် သက်ဆိုင်ရာ မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့များက သီးနှံပျက်စီးမှု ကိန်းဂဏန်းများနှင့် တစ်ဦးချင်းစာရင်းများ ကောက်ခံထားသည်ဟု ၎င်းကဆက်ပြောသည်။

“လယ်သမားတွေအနေနဲ့ လုပ်စရာက ဘာမှထွေထွေထူးထူးမရှိပါဘူး။ ချေးထားတဲ့ ချေးငွေတွေကို ၃ လပိုင်း မကုန်ခင် ပေးဆပ်ဖို့တစ်ခုပဲရှိပါတယ်” ဟု ၎င်းကဆိုသည်။

ပေါင်မြို့နယ် ကျော်ဟော်ရွာမှ တောင်သူ မသိန်းနွယ်ဝင်းက ပျက်စီးသွားသော မိုးစပါးများကို ပြန်လည်စိုက်ပျိုးသော်လည်း ၂၀ ရာခိုင်နှုန်းမှာ ပြန်စိုက်၍မဖြစ်ထွန်းသဖြင့် လက်လွှတ်လိုက်ရသော်လည်း ယခုကဲ့သို့ ချေးငွေတစ်လရွှေ့ဆိုင်းသည့် အစီအစဉ်ကို မသိရသေးဟု ပြောသည်။

“အချိန်ပေးထားတော့ လယ်သမားတွေအတွက် အဆင်ပြေတာပေါ့။ နောက်ဆို ဖြစ်တဲ့ဈေးနဲ့ ရောင်းနေရမယ်” ဟု၎င်းကဆိုသည်။

မွန်ပြည်နယ်တွင် ယခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၁၇ ရက်နေ့က စတင်ထုတ်ချေးခဲ့ပြီး တစ်ဧက တစ်သိန်းခွဲနှုန်းဖြင့် အများဆုံး ၁၅ သိန်းအထိ ချေးယူနိုင်သည်။ ပုံမှန်အားဖြင့် ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအတွင်း ပေးချေရကြောင်း ပြည်နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရှိရသည်။

စန္ဒာဉာဏ်

Leave a Reply