မိုးစပါး ချေးငွေ လာထုတ်သူ ၂၅ ရာခိုင်နှုန်းသာ ရှိ

မော်လမြိုင်၊ ဇွန် ၁၀

ယခုနှစ် မွန်ပြည်နယ်တွင် မိုးစပါး ချေးငွေ လာထုတ်သူမှာ ဇွန် ၇ ရက်နေ့အထိ ၂၅ ရာခိုင်နှုန်းခန့်သာ ရှိသေးကြောင်း မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် (မွန်ပြည်နယ်ဘဏ်ခွဲ)မှ ပြည်နယ်မန်နေဂျာ ဦးကျော်စွာလှိုင်က ဟသ๎ာမီဒီယာသို့ပြောကြားသည်။

လာရောက် ထုတ်ယူသည့် စာရင်းအရ ချေးသူ ၆၆၄၉ ဦးမှ ဧကပေါင်း ၄၇၉၉၀ ဧကအတွက် ကျပ်သိန်းပေါင်း ၇၁၉၈၅ သိန်းကို ချေးယူပြီ ဖြစ်ကြောင်း ၎င်းက ပြောသည်။

မိုးစပါး ချေးငွေကို မေ ၁၇ ရက်နေ့က စတင် ထုတ်ချေပေးခဲ့ပြီး ဇွန်လကုန်အထိသာ ထုတ်ချေးပေးမည်ဖြစ်သည်။

ချေးငွေ ထုတ်ချေးရာတွင် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ (၇)ကို ဘဏ်တွင် အပေါင်ပေး၍ ထုတ်ချေးသည့် စနစ်ဖြင့် ချေးပေးနေသည်။

“ပုံစံ (၇) ကို ဘဏ်မှာသိမ်းဆည်းထားလည်း အဆင်ပြေပါတယ်၊ တောင်သူတွေလည်း လက်ခံကြတယ်”ဟု ဦးကျော်စွာလှိုင်က ပြောသည်။

ယင်းချေးငွေကို တစ်နှစ်လုံးအတွက် အတိုးနှုန်းမှာ ၈ ရာခိုင်နှုန်းဖြင့် တောင်သူလယ်သမားတစ်ဦးလျှင် လယ်တစ်ဧက တစ်သိန်းခွဲထုတ်ချေးပေးပြီး အများဆုံး ၁၀ ဧက ကျပ် ၁၅ သိန်းအထိသာ ထုတ်ချေးပေးကြောင်း ၎င်းက ရှင်းပြသည်။

“အဘိုးတို့ရဲ့ ပုံစံ (၇)ကို ဘဏ်မှာ အပ်ရမယ်ဆိုလို့ မချေးတော့ဘူး၊ ဒီနှစ်ကတော့ ရတဲ့ ငွေနဲ့ ချေးပြီး လုပ်တောမယ်”ဟု ပေါင်မြို့နယ် မုတ္တမကျွဲခြံ ကျေးရွာမှ ဦးထွန်းလွင်က ဆိုသည်။

မုဒုံမြို့နယ် ကမာဝက်မြို့မှ လယ်လုပ်ကိုင်သူ ဒေါ်လှမြိုင်က “ကျွန်မတို့ဘက်မှာတော့ မရသေးဘူး ဒီလမကုန်ခင် ရမယ်ထင်တယ်” ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ်က မွန်ပြည်နယ်တွင် မိုးစပါးချေးငွေ ကျပ်သိန်းပေါင်း ၄၃၆၅၆၄ ကျော်ထုတ်ချေးပေးခဲ့ကြောင်း မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် (မွန်ပြည်နယ်ဘဏ်ခွဲ) ၏ စာရင်းမှတ်တမ်းများအရ သိရသည်။
ထိုသို့ ထုတ်ချေးရာတွင် သုံးဦးအစုအဖွဲ့လိုက် (ဝိုင်းကြီးချုပ်) အာမခံသည့်စနစ်ဖြင့် ပုံစံ (၇)မူရင်းကို ပြသစေပြီး ထုတ်ချေးခဲ့သည်။

Written by ဂေထော

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်