ချောင်းဆုံ သြဂုတ်

ချောင်းဆုံမြို့နယ်တွင် ယခုလဆန်းပိုင်းက  မိုးနေ့စဉ်ရက်ဆက် ရွာသွန်းမှုကြောင့် မိုးစပါးစိုက်ဧက ၁၄၀ ကျော်ပျက်စီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

“ကျေးရွာတွေကမိုးစပါးအပျက်စာရင်းတွေတင်ပြလာတာရှိတယ်။ ကော့မုပွန်ကွင်းကလယ်ဧက ၁၁၁ ဧကနဲ့ ချောင်းဆုံအနောက်ရပ်ကွက်က လယ်ဧက ၃၀ စုစုပေါင်း ၁၄၁ ဧကပျက်စီးမှုရှိတယ်။ ကျန်ကျေးရွာတွေက အခုချိန်အထိ အပျက်အစီး မရှိဘူးလို့ တင်ပြလာတယ်” ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးဝင်းနိုင်က ဆိုသည်။

ပျက်စီးသွားသောမိုးစပါးစိုက်ခင်းများပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ဌာနက မျိုးစပါးများ ပံ့ပိုးပေးရန် အသင့်ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“အခုအချိန်မှာ ပျက်စီးသွားတဲ့ မိုးစပါးစိုက်ခင်းတွေကို ပြန်လည် စိုက်ပျိုး အောင်မြင် ဖြစ်ထွန်းနိုင်ဖို့က မလွယ်ကူတော့ဘူး။ ပျက်စီးသွားတဲ့ လယ်တွေကလည်း ရေနက်ကွင်းတွေဖြစ်နေတယ်။ ထွန်ယက်စိုက်ပျိုးလုပ်ကိုင်နိုင်ဖို့ ထွန်စက်တွေသွားလာဖို့ အခက်အခဲတွေ ရှိတယ်။ တချို့ လယ်သမားတွေဆိုရင် ပျက်စီးလိုက်၊ ပြန်စိုက်လိုက်နဲ့ ၂ ကြိမ်လောက် စိုက်ပျိုးပြီးတဲလူတွေလည်း ရှိတယ်။အခုလိုပြန်ပြီးပျက်စီးသွားတော့ထပ်မံစိုက်ပျိုးဖို့ကဝန်လေးနေကြပြီ” ဟု ကော့မုပွန် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ကဆိုသည်။

စပါးခင်းများမှာ မိုးရက်ဆက်ရွာသွန်းခဲ့၍ ရေကြီးနစ်မြုပ်ပြီး ပျက်စီးသည့်အပြင် ခရုကိုက်ခြင်း တို့ကြောင့်လည်းပျက်စီးခဲ့ရကြောင်း၊ ယခုရက်များအတွင်းအပျက်စာရင်းများသိရှိနိုင်ရန် မြို့နယ်ကဌာနဆိုင်ရာများနှင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply