ထားဝယ် ဖေဖေါ်ဝါရီ

ထားဝယ်ခရိုင်အတွင်း ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တော၊ သစ်တောမြေဧရိယာ၌ စီးပွားရေး ပျဉ်းကတိုးစိုက်ခင်း ဧက ၅၃၀ နှင့် ဒေသသုံး သစ်မျိုးများ ယခုဘဏ္ဍာနှစ်တွင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ခရိုင်သစ်တောဦးစီးဌာနရုံးထံမှ သိရသည်။

ထားဝယ်မြို့နယ် နွားလဘို့ကြိုးဝိုင်းတွင် ဧက ၂၀၀ ၊ သရက်ချောင်းမြို့နယ် တောင်ပျောက်ကြိုးဝိုင်းတွင် ဧက၂၀၀ ၊ ရေဖြူမြို့နယ်  ဟိန်းဇဲ ကလိန်အောင်ကြိုးဝိုင်း ထားဝယ်မြစ်ကွက်ကြီးတွင် ဧက ၁၀၀ နှင့် ရေဝေရေလဲ စိုက်ခင်း ဧက ၃၀ စိုက်ပျိုးသွားမည်ဟု သိရသည်။

“မိုးရာသီမှာ စိုက်မယ်၊ အခုပျိုးထောင်နေပြီ”ဟု ခရိုင် သစ်တောဦးစီးမှူးဦးတင်မိုးက ဆိုသည်။
တန်ဖိုးနည်း အပင်များ ပေါက်ရောက်သည့် ဖုံးဆိုးတောပျက်များကို အဓိက ရွေးချယ်၍  ပျဉ်းကတိုးစိုက်ပျိုးလျက်ရှိပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က ဧက၅၀၀ စိုက်ပျိုးထားကြောင်း ၎င်းက ပြောသည်။

ရေဖြူမြို့နယ်တွင် ၁၉၈၁ က စီးပွားရေးစိုက်ခင်းကို စိုက်ပျိုးခဲ့ပြီးနောက် ထားဝယ်၊ လောင်းလုံးနှင့်သရက်ချောင်းမြို့နယ်များတွင်၁၉၉၆မှ၂၀၀၈ခုအထိ ကျွန်း၊ပျဉ်းကတိုးစိုက်ခင်းများစိုက်ပျိုးခဲ့သည်ဟု သိရသည်။

ယင်းနောက်စီးပွားရေးစိုက်ခင်းများစိုက်ပျိုးခြင်းမပြုတော့ဘဲ ယခု၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်နှင့်၂၀၁၈-၂၀၁ ၉ဘဏ္ဍာရေးခုနှစ်တို့တွင် စီးပွားရေးပျဉ်းကတိုးစိုက်ခင်းများကို ပြန်လည်စိုက်ပျိုးခြင်း ဖြစ်သည်။

ယခုနှစ်တွင် ဒေသသုံး သစ်မျိုးများကို စိုက်ပျိုးရန် ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်ထားကြောင်း သစ်တောဝန်ထမ်းများက ဆိုသည်။

သို့ဖြစ်၍ နွားလဘို့ကြိုးဝိုင်းတွင် သင်္ကန်းပင် ၁ဧက၊ တောင်ပျောက်ကြိုးဝိုင်းတွင် ၁ဧက၊ ထားဝယ်မြစ်ကွက်ကြီးတွင် ပိတောက်ပင် ၂ဧက စိုက်ပျိုးသွားမည်ဟု သိရသည်။

၂၀၁၇ ခုနှစ်တွင် သဘာဝတော တန်ဖိုးမြှင့်စိုက်ပျိုးခြင်းကို ထားဝယ်နှင့် သရက်ချောင်းမြို့နယ်တို့တွင် ဧက ၁၀၀ စီ စိုက်ပျိုးခဲ့သည်။

တင့်လွင်

Leave a Reply