Advertisements

မော်လမြိုင်၊ သြဂုတ် 

မိုးများဆက်လက်ရွာသွန်းနေသောကြောင့် မော်လမြိုင်မြို့၏ သမိုင်းဝင် ကျိုက် သလ္လံဘုရား အသေးစိတ်ပြုပြင်မှုများကို မစတင်နိုင်သေးဟု မွန်ပြည်နယ် အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ဟင်္သာမီဒီယာသို့ ပြောသည်။

“မိုးတွေကလည်း ရွာနေတုန်းပဲဆိုတော့ မြေပြိုမှုတွေ၊ထပ်မဖြစ်အောင် ရန်ကုန်ကကုမ္ပဏီနဲ့ ချိတ်ဆက်ပြီး ဘုရားကြီးကို နေ့စဉ် စောင့်ကြည့်နေတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် နေ့စဉ်စောင့်ကြည့်လေ့လာရေးစနစ်( Monitoring System)ဖြင့် မှတ်တမ်းတင် စောင့်ကြည့်နေပြီး ဘုရားကြီး၏ တောင်ပေါ်၊ တောင်အောက် ဖြစ်စဉ်များကို မှတ်တမ်း တင်ခြင်းအား ရန်ကုန်မှ Total Business Solution ကုမ္ပဏီကို ငှားရမ်းဆောင်ရွက်နေသည်ဟု၎င်းထံမှသိရသည်။
ယခုအခါ ဘုရား၏ အရှေ့ဖက်မုဒ်၌ ကျောက်ကြီးများ ခင်း၍ ကာရံထားသည့်အပြင် အနောက်ဖက်မုဒ်တွင်လည်း သဲအိတ်၅၀၀၀ ကျော်ကို မြေပြိုမှု မဖြစ်စေရန် ကာရံထားကြောင်းနှင့် မိုးများရွာသွန်းနေသောကြောင့် အသေးစိတ်ပြင်ဆင်မှုများကို မလုပ်နိုင်သေးပဲ မြေအမျိုးအစား တိုင်းတာခြင်း၊ စစ်ဆေးခြင်းများကိုသာ ပြုလုပ်နေသည် ဦးမြင့်သန်းဝင်းက ပြောသည်။
ယင်းအပြင်ဘုရား ပြုပြင်ရန် အသေးစိတ် ဒီဇိုင်းကို ပြည်ထောင်စု ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ရေးဆွဲလျက်ရှိပြီး နွေရာသီ ရောက်ပါက ပြင်ဆင်ရေး လုပ်ငန်း စတင်နိုင်မည်ဟု ၎င်းက ပြောဆိုသည်။
၂၀၁၈ ခုနှစ်၊ ဇွန် ၁၇ ရက်တွင် မြေမြိုမှုဖြစ်ပွားခဲ့ပြီးနောက်ပြုပြင်ရန်အတွက် အလှူငွေ စုစုပေါင်း ကျပ်သိန်း ၇၀၀၀ ကျော် ရရှိထားပြီး ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
ထိုက်ထိုက်

Leave a Reply