နိုဝင်ဘာလသို့ ဝင်ရောက်သည်နှင့် ဆောင်းရာသီ၏ အငွေ့အသက်များက စတင်ရောက်ရှိ လာတော့မည် ဖြစ်သည်။

မိုးအကုန်နှင့် ဆောင်းအကူးကာလဖြစ်သောကြောင့် တစ်ခါတစ်ရံတွင် နေ့အပူချိန်က ပြင်းထန်နေစဉ်တွင် မိုးရွာချခြင်းမျိုးလည်းဖြစ်ပေါ်တတ်ပေသည်။ အချို့ညများတွင်လည်း အပူချိန်လျော့၍ အအေးဓာတ် လွန်ကဲလေ့ရှိရာ ယခုကဲ့သို့ ရာသီအကူးအပြောင်းကာလမှာ ကျန်းမာရေးအတွက် သတိထားသင့်ပေသည်။

ယင်းကြောင့် ယခုကာလတွင် ဖြစ်ပွားလေ့ရှိသည့် ရောဂါများနှင့် ပတ်သက်၍ စာဖတ်ပရိတ်သတ်များ ကြိုတင်ကာကွယ်နိုင်ရန် ကျန်မာရေးဦးစီးဌာနမှ ဆရာဝန်များနှင့် သက်ဆိုင်ရာ အထွေထွေရောဂါကု ဆရာဝန်များက ပြောကြားသော နည်းလမ်းများကို ဖော်ပြပေးလိုက်ပါသည်။

cold

ဖျားနာမှုနည်းသော်လည်း

ပုံမှန်အားဖြင့် နိုဝင်ဘာနှင့် ဒီဇင်ဘာလများသည် ဖျားနာတုပ်ကွေးဖြစ်ပွားမှု နည်းပါးလေ့ရှိသော ကာလတစ်ခုဖြစ်ကြောင်း ဆရာဝန်များက ရှင်းပြကြသည်။

သို့သော် မိုးရာသီနှင့် ဆောင်းရာသီအကြား စပ်ကူးမတ်ကူး ကာလတွင် လူကြီး၊လူငယ်၊ ကျား၊မ မရွေး သတိထားရမည်မှာ အသက်ရှုလမ်းကြောင်းနှင့် ဆိုင်သော ရောဂါများဖြစ်ကြောင်း ၎င်းတို့က ဆိုကြသည်။

“ရာသီဥတု ခြောက်သွေ့ပြီး ဖုန်များတော့ အသက်ရှုလမ်းကြောင်းနဲ့ ပတ်သက်တဲ့ ရောဂါတွေ ဖြစ်တာပေါ့” ဟု ရန်ကုန်မြို့တော်၊မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးမှ လက်ထောက်ဆရာဝန် ဒေါက်တာ ဝေမွန်မျိုးက ရှင်းပြသည်။

အသက်ရှုလမ်းကြောင်းနှင့် ဆိုင်သည့် အဆုတ်ပွခြင်း၊ ပန်းနာရင်ကြပ် နှင့် လေပြွန်ရောင်ခြင်း ရောဂါများ ဖြစ်ပွားလေ့ရှိပြီး ပန်းနာရင်ကြပ် ရောဂါအခံရှိသူများ ပိုမိုသတိထားရမည့် ကာလလည်းဖြစ်ကြောင်း ဆရာဝန်များက လမ်းညွှန်ပြောဆိုသည်။
အထူးသဖြင့် ပန်းနာရင်ကြပ်အပါအဝင် အသက်ရှူလမ်းကြောင်းနှင့်ဆိုင်သောရောဂါများသည် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကို အသက်အန္တရာယ်အထိပင် ခြိမ်းခြောက်နိုင်ကြောင်း ၎င်းတို့က သတိပေးကြသည်။

ထို့ပြင် ချောင်းဆိုးခြင်းကြောင့် လေပြွန်ရောင်ခြင်းနှင့် အဆုတ်ရောဂါများကိုပါ ဖြစ်ပွားစေနိုင်သည့်အပြင် အချိန်ကြာမြင့်ပါက ရောဂါပိုမို ဆိုးရွားလာနိုင်၍ ဂရုစိုက်ရန်လိုအပ်ပေသည်။

“ချောင်းဆိုးတာ ကနေစပြီးတော့ လည်ချောင်းရောင်တာတို့ အဆုတ်အအေးပတ်တာတို့ ဖြစ်လာစေနိုင်တယ် ” ရန်ကုန်မြို့၊ မြောက်ဥက္ကလာပဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာဝေမွန်မျိုးက ဆိုသည်။
ထို့ပြင် ဆေးလိပ်သောက်သူများမှာလည်း ယခုကာလတွင် ချောင်းဆိုးခြင်းများ ပိုမိုဖြစ်ပေါ်နိုင်သည့်အတွက် ဆေးလိပ်သောက်ခြင်းကို ရှောင်ရှားသင့်ကြောင်း ၎င်းက ပြောသည်။

ဂရုပြုရမဲ့ ပန်းနာရင်ကြပ်

ပန်းနာရင်ကြပ် ရောဂါမှာ ခုခံအားကျဆင်းနေချိန်တွင် ဖြစ်ပေါ်တတ်ပြီး ငါးနှစ်အောက် ကလေးသူငယ်များတွင် အများဆုံးဖြစ်ပွားကာ အသက်သေဆုံးသည်အထိ ဖြစ်နိုင်သောကြောင့် သတိထားရမည့် ရောဂါတစ်မျိုး ဖြစ်ကြောင်း ဆရာဝန်များက သတိပေးပြောဆိုကြသည်။

ကလေးသူငယ်များတွင် ၎င်းရောဂါဖြစ်ပွားပါက အသက်ရှုရာတွင် ပုံမှန်မဟုတ်ခြင်း(အသက်ရှု မြန်ခြင်း)၊ ချောင်းဆိုးခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်းနှင့် ခြေလက်များ ပြာလာခြင်း စသော လက္ခဏာများ ဖြစ်ပေါ်တတ်သည်။

“ချောင်းဆိုးရင် ကြပ်မယ်။ အသက်ရှုကြပ်မယ်။ ကလေးတွေမှာ ဆိုရင်တော့ အသက်ရှုရခက်ခဲပြီး အန်တာတို့ ခြေတွေလက်တွေ ပြာလာတာတို့ အသက်ရှုတဲ့ခါမှာ အသံပုံမှန်မဖြစ်တာတို့ ကြားနေရတာမျိုးတွေဖြစ်မယ် ” ရန်ကုန်တိုင်း မြောက်ဥက္ကလာပဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာဝေမွန်မျိုးက ရှင်းပြသည်။

အဆိုပါ ရောဂါမှာ အခြားသော ကလေးငယ်များကို ကူးစက်နိုင်ပြီး ယင်းရောဂါ လက္ခဏာများ ဖြစ်ပွားပါက ပေါ့ဆရန်မသင့်ဘဲ နီးစပ်ရာဆေးရုံ၊ ဆေးခန်းများတွင် အမြန်ဆုံးသွားရောက် ပြသသင့်ကြောင်း ဆရာဝန်များက တစ်ညီတစ်ညွှတ်တည်း ပြောဆိုကြသည်။

“အနီးဆုံဆေးခန်းကို အမြန်ဆုံးပြသင့်တယ် ” ဒေါက်တာဝေမွန်မျိုးက ပြောဆို သည်။
အချိန်မီ သွားရောက်မပြသပါက ဦးနှောက်အမှေးပါးရောင်သည်အထိ ဖြစ်ပွားနိုင်ပြီး အသက်ဆုံးရှုံး နိုင်ကာ အထူးသဖြင့် အသက်ငါးနှစ်အောက်ကလေးငယ်များတွင် ဖြစ်ပွားပါက ပိုမို၍ သေနှုန်းများကြောင်း ဆရာဝန်များက ပြောဆိုကြသည်။

ထို့အတူ ပန်းနာရင်ကြပ်ရောဂါမှာ ခုခံအားကျဆင်းနေသော သက်ကြီးရွယ်အို များတွင်လည်း ဖြစ်ပွားနိုင်သောကြောင့် ယင်းရောဂါအတွက် ကလေးငယ်များနှင့် အဘိုး၊အဘွားများ အထူးသတိထားရမည်ဖြစ်ပေသည်။

အစားအသောက်က ပေးနိုင်တဲ့ အန္တရာယ်

မိုးကုန်ပြီဖြစ်သော်လည်း ဆောင်းရာသီလုံးလုံးမရောက်သေးသည့်အပြင် နေ့အပူအရှိန်ပြင်းထန်သည့် ကာလဖြစ်နေသောကြောင့် အစားအသောက်များကို သတိထား၍ စားသုံးသင့်ကြောင်း ဆရာဝန်များက ပြောဆိုကြသည်။

“ဆောင်းတွင်းလည်း သီးသန့်မဖြစ်သေးဘူးပေါ့ အဲ့ချိန်မှာ ရာသီဥတုပူနေတယ်ဆိုတော့ အစားအသောက်ကို ဆင်ခြင်ပြီးတော့ စားသင့်တယ်” ဟု သထုံခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ သင်းသင်းအိ ကပြောသည်။

အိမ်များတွင် မနက်ပိုင်း ချက်ပြုတ်ထားသော ထမင်းနှင့် ဟင်းများကို ညနေဘက်ပြန်လည် စားသုံးမည်ဆိုပါက သိုးနံ့များမရသော်လည်းပုံစံ ပြောင်းခြင်းများဖြစ်ပေါ်ပါက စားသုံးရန်မသင့်ကြောင်း သထုံခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ သင်းသင်းအိ ကပြောသည်။

စားသုံးမိပါက ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်းနှင့် ဝမ်းပျက်ဝမ်းလျောခြင်း ရောဂါများဖြစ်ပွားနိုင်၍ သတိထားကာ စားသုံးသင့်ပြီး ရေသောက်သုံးရာတွင်လည်း သန့်ရှင်းသောရေနှင့် ကျိုချက်ပြီးသော ရေများကိုသာ သောက်သုံးသင့်ကြောင်း ဆရာဝန်များက သတိပေးပြောဆိုကြသည်။

ထို့ပြင် ဝမ်းပျက်၊ဝမ်းလျှောရောဂါဖြစ်ပွားပါက ဆေးဆိုင်များမှ ဝမ်းပိတ်ဆေးများကို အလွယ်တကူ ဝယ်ယူသောက်သုံးခြင်းမျိုးကို ရှောင်ကြဉ်၍ ဆရာဝန်များနှင့်ပြသကုသမှုခံယူရမည်ဖြစ်သည်။

အချိန်မှန်အိပ်၊ အချိန်မှန်စား

လည်ချောင်းနာခြင်း၊ အဆုတ်ပွခြင်းနှင့် ချောင်းဆိုခြင်းများနှင့် ပန်းနာရင်ကြပ်ရောဂါများ မဖြစ်ပွားစေရန် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများမှာ ဂရုစိုက်နေထိုင်သင့်သည်။

ယင်းရောဂါများဖြစ်ပွားမှုမရှိစေရန် ခန္ဓာကိုယ် ခုခံအားကောင်းမွန်စေရန် အိပ်ရေးဝအောင် အိပ်ခြင်းနှင့် လေကောင်း လေသန့်များ ရစေရန် လေ့ကျင့်ခန်းများပြုလုပ်သင့်ကြောင်း မွန်ပြည်နယ် အခြေစိုက် ဆရာဝန်များကပြောဆိုကြသည်။

ကလေးသူငယ်များကို နွေးနွေးထွေးထွေး ထားရမည်ဖြစ်ပြီး လေကောင်းလေသန့် ရသောနေရာများတွင် ထားသင့်ပေသည်။
“ကလေးတွေကတော့ နွေးအောင်ထားမယ်။ မနက်စောကြီးဆိုင်ကယ် ဘေးတွဲတွေ စီးပြီးတော့ တချို့ကျတော့ ကြည့်မယ့်လူမရှိလို့ ကလေးပါခေါ်သွားရတယ်။ အဲ့ဒါမျိုးတွေက လူကြီးကျတော့ ခံနိင်ရည်ရှိတယ် ။ ကလေးကျတော့ ခံနိုင်ရည်မရှိဘူး “သထုံခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာ သင်းသင်းအိက ပြောဆိုသည်။

လူကြီးများတွင် လည်း ကိုယ်လက်လှုပ်ရှားမှု ကျန်းမာရေး ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများ လုပ်ဆောင်သင့်ပြီး ခုခံအားကျဆင်းပါက ရောဂါဖြစ်ပွားနိုင်၍ ပုံမှန်အိပ်ခြင်းနှင့် ပုံမှန်အစားစားခြင်းဖြင့်သာ ကာကွယ်နိုင်မည်ဖြစ်ကြောင်း ဒေါက်တာဝေမွန်မျိုးက ပြောဆိုသည်။

“အိပ်ရေးဝဝအိပ်ရမယ်။ ခန္ဓာကိုယ်ရဲ့ ခုခံအားကိုကောင်းစေမယ့် အစားအစာတွေ များများစားရမယ် လူနေထူထပ်တဲ့နေရာတွေ မသွားနဲ့ပေါ့ ကာကွယ်တာကတော့ ဒီလောက်ပါပဲ” ၎င်းက ဆိုသည်။

အသက်ရှူလမ်းကြောင်းနှင့်ဆိုင်သော ရောဂါများအတွက် ဖုန်ထူထပ်သောနေရာများ၊ လူနေထူထပ်သော နေရာများကို သွားရောက်ရန်ရှောင်ရှားသင့်ပြီး မဖြစ်မနေသွားရောက်မည်ဆိုပါကလည်း ဂရုပြုနေထိုင်ရ မည်ဖြစ်ကြောင်း ဆရာဝန်များက ရှင်းပြသည်။

ဆေးလိပ်သောက်သူများ သည်လည်း အခြားသောသူများထက် ခုခံအား ပိုမိုနည်းပါးသည့်အတွက် အသက်ရှုလမ်းကြောင်းနှင့် ဆိုင်သော ရောဂါများ ပိုမို ဖြစ်ပွားနိုင်၍ ဆေးလိပ်သောက်သုံးခြင်းကို ရှောင်ရှားသင့်ကြောင်း ၎င်းတို့က ဆိုကြသည်။

ထို့အတူ ပန်းနာရင်ကြပ် ရောဂါအခံရှိသူများသည်လည်း ပန်းနာရင်ကြပ်ဆေးများကို အဆင်သင့် ဆောင် ထားသင့်ပြီး ရေနွေးငွေ့ရှူ ခြင်းဖြင့် နွေးထွေးစွာ နေထိုင်သင့်ကြောင်း မွန်ပြည်နယ်အခြေစိုက် ဆရာဝန်များက အကြံပြုပြောဆိုသည်။

ထို့ပြင် အသက်ရှုလမ်းကြောင်းနှင့် ဆိုင်သော ရောဂါများမှာ ချောင်းဆိုးခြင်းမှ စတင်ဖြစ်ပွားနိုင်၍ ချောင်းဆိုးပါက ပေါ့ပေါ့ဆဆ မနေသင့်ဘဲ ဆေးရုံ၊ ဆေးခန်းများတွင် သွားရောက်ပြသသင့်ကြောင်း ၎င်းတို့က အကြံပြုတိုက်တွန်းထားသည်။

ရင်ငြိမ်းချမ်း

Leave a Reply