မော်လမြိုင် ၊ ဇွန် ၄

သတင်းမီဒီယာများအနေနှင့် ပြည်သူနှင့် အစိုးရကြား ရန်တိုက်ပေးနေပြီး အခွင့်အရေးများ ရယူသွားကြသည် ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးဖြစ်သည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦး ကပြောကြားခဲ့သည်။

ဇွန်လ ၄ ရက်နေ့က ပြုလုပ်သော မွန်ပြည်နယ် အစိုးရအဖွဲ့ သုံးနှစ်တာကာလအတွက် တစ်နှစ်အတွင်း လုပ်ဆောင်ချက်များ ရှင်းလင်းရာတွင် ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် မွန်ပြည်နယ် အခြေစိုက် သတင်းထောက်တစ်ဦးက ဘေးတွဲသုံးဘီးယာဉ်များ အရေးယူရန်ရှိ၊ မရှိ မေးမြန်းမှုကို ဖြေကြားရာတွင် ထိုကဲ့သို့ ပြောဆိုခဲ့သည်။

“ ဒါနဲ့ပတ်သတ်ပြီးတော့ မီဒီယာက ကျွန်တော်ကို မေးတယ်။ ဒါကိုအကုန်လုံးက ဝိုင်းရိုက်နေကြတယ်။ အရေးယူဖို့ အစီအစဉ် ရှိ၊မရှိ။ အစီအစဉ် ရှိတာမဟုတ်ဘူး အရေးယူလို့ကိုရတယ်။ သို့ပေမဲ့ လုပ်လိုက်တဲ့အခါကျရင် ပြည်သူလူထုရဲ့ စားဝတ်နေရေးနဲ့ပတ်သတ်ပြီး ဆင်းရဲသူမှုပပျောက်ရေးဆိုပြီး ခင်ဗျားတို့မှ တစ်မျိုးတစ်ခါပြန်ပြီး ပြောလာကြအုံးမယ်။ ဒီကြားထဲမှပဲ မီဒီယာက နေပြီးတော့ ကစားသွားပြီးတော့မှ နောက်ဆုံးသူတို့ပဲ အခွင့်အရေးရသွားကြမှာ ပြည်သူကို အစိုးရနဲ့ တိုက်ပေးတဲ့ သဘောပဲ သက်ရောက်သွားမှာ ဒီလိုမျိုးပဲ ခဏခဏဖြစ်နေတယ်။ ကျွန်တော်ပြောတာ ရှင်းရှင်းလေးပဲ။ ကျွန်တော်တို့က ဥပဒေကြောင်းအရလုပ်မယ်။” ဟု ဗိုလ်မှူးကြီးနေထွဋ်ဦး ကဆိုသည်။

ထိုသို့ပြောဆိုချက်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက တွဲဖက်အတွင်းရေးမှူးဦးမြင့်ကျော် က မီဒီယာအားလုံး သိမ်ကျုံးပြီး မပြောဆိုသင့်ကြောင်း၊ မီဒီယာ အားလုံးကို သိမ်းကျုုံးပြောဆိုခြင်းမှာ သတင်းမီဒီယာ ကဏ္ဍမှေးမိန်အောင် ပြုလုပ်သလိုဖြစ်နေကြောင်း ပြောကြားသည်။

“ မီဒီယာအားလုံးကို ပြောတာက မီဒီယာ အခန်းကဏ္ဏကို မှေးမိန်အောင် လုပ်သလိုဖြစ်နေတယ်။ ဒါက သိမ်းကြုံး ပြီးတော့ ပြောတာ၊ ဥပမာ တပ်မတော်သားပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ်၊ တစ်ယောက်က မကောင်းတဲ့ ကိစ္စ ကျူးလွန်နေတယ်ဆိုရင် အားလုံးကို သိမ်းကြုံးပြီးတော့ ပြောလို့မရဘူး။ အဲ့လိုသဘောမျိုးပေါ့ မီဒီယာတစ်ခုက အဲလိုရေးသားမှုတွေရှိခဲ့ရင် အဲ့မီဒီယာကိုပဲ ပြောသင့်တယ်။  အားလုံးကို သိမ်းကြုံးပြီးတော့ ပြောလို့တော့မရဘူး။” ဟု ဦးမြင့်ကျော်က ပြောသည်။

ဗိုလ်မှူးကြီး နေထွဋ်ဦး သည် မေလ ၂၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ယာဉ်စည်းကမ်းလမ်းစည်း ကမ်းစီမံကိန်း တစ်ခုဖြစ်သော လင်းယုန်စီမံချက် နှင့်ပတ်သက်သည့် ရှင်းလင်းပွဲ တွင်လည်း သတင်းမီဒီယာများကို ဝေဖန်မှုများ ပြုလုပ်ခဲ့သေးသည်။

အဆိုပါရှင်းလင်းပွဲတွင် ဗိုလ်မှူးကြီးနေထွဋ်ဦးက သတင်းမီဒီယာများ နှင့်ပတ်သက်ပြီး “ အင်တာဗျူးကတည်း ကိုက အခန်းထဲကိုလည်း လာတယ်။ တွေ့တဲ့နေရာမှာလဲမေးတယ်။ လာတဲ့နေရာကိုလဲ ကျယ်ကျယ်ပြန့်ပြန့် ရှင်းတယ် ။ သို့သော်လည်း အရင်က ကိစ္စရပ်တွေရှိတယ်။ ကျွန်တော် ခဏခဏမေးတယ် ကောင်းဖို့လုပ်မှာလား ။ ဖျက်ဖို့ လုပ်မှာလား။ ကိုယ်ထမင်းစားဖို့အတွက်ပဲ လုပ်မှာလားလို့ပြောတယ်။ ပြောတာမှ ပါးစပ်အမြှုပ်ထွက် အောင်ပြောတယ် သို့ပေမယ့် မထိရောက်ဘူး။” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

မွန်ပြည်နယ် အစိုးရ အဖွဲ့ သုံးနှစ်တာကာလ တစ်နှစ်အတွင်း ဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲ ကို သတင်းမီဒီယာ အသီးသီးမှ သတင်းသမား ၃၀ ကျော်တက်ရောက်ခဲ့ပြီး ရှင်းလင်းပွဲတွင်မှု ပြည်နယ် ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးကိုးဦး တက်ရောက်ရှင်းလင်းခဲ့သည်။

ရန်လင်းအောင်

Leave a Reply