မီးခိုးမထွက်သော စက်ရုံများ အရှိန်မတန့်စေလို

မီးခိုးမထွက်သော စက်ရုံများဟု တင်စားခေါ်ဝေါ်ကြသော ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှာ စရိတ်အကျဉ်းဆုံးရင်းနှီးမြှုပ်နှံမှု၊ တာရှည်အခံဆုံး အကျိုးအမြတ်ကာလရှိသည့်အပြင် မိမိတို့ အမျိုးသား ဇာတိ ဥပဓိလက္ခဏာ၊ ရိုးရာအမွေအနှစ်တို့ကို အခန့်ညားဆုံး ဖော်ထုတ်ဝင့်ကြွားနိုင်မည့် တစ်ခုတည်းသော အခွင့်အလမ်းကြီးလည်း ဖြစ်သည်။

ဖွံ့ဖြိုးတိုးတက်ပြီး ချမ်းသာကြွယ်ဝသည့် နိုင်ငံကြီးများက ခရီးသွားလုပ်ငန်းကို အရှိန်မြှင့်လုပ်ကိုင်လာသောအခါ အကျိုးအမြတ်ကြီးမားသည့် လုပ်ငန်းကြီးတစ်ရပ်ဖြစ်လာပြီး စက်ရုံအလုပ်ရုံများကဲ့သို့ပင် နိုင်ငံအတွက် အရေးပါသော လုပ်ငန်းကြီးတစ်ရပ် ဖြစ်လာခဲ့သည်။ ကမ္ဘာ့နိုင်ငံ အသီးသီးကလည်း ဗျူဟာမြောက်အားထုတ်ပြင်ဆင်လာကြသည်။

မြန်မာ တောတောင်ရေမြေ၊ တိုင်းရင်းသားလူမျိုးစုများ၊ ရှည်လျားသော သမိုင်းနှင့် ရှေးဟောင်းအမွေအနှစ်များ၊ ယဉ်ကျေးမှုဓလေ့ထုံးစံ ကွဲပြားကြွယ်ဝမှု အစရှိသည်တို့က ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်သည့် သံလိုက်ဓာတ်များဖြစ်သည်။

NLD အစိုးရတာဝန်ယူခဲ့သည့် တစ်နှစ်ရှစ်လအတွင် းစီးပွားရေးဖွံ့ဖြိုး တိုးတက်ရန် ဝန်ကြီးဌာန အသီးသီးအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း ခရီးသွားလုပ်ငန်းမှလွဲပြီး ကျန်စီးပွားရေးကဏ္ဍများတွင် တိုးတက်မှုရရှိရန် လိုအပ်နေသေးကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ၂၀၁၇ဒီဇင်ဘာ ၅ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည် ရှိ၏။

သို့စေကာမူ မွန်ပြည်နယ်တွင် ယခုနှစ်အတွင်း ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်ဝင်ရောက်မှုမှာ ယမန်နှစ်ထက် လျော့နည်းခဲ့ကြောင်း၊ ၂၀၁၇ နှစ်စမှ ဇူလိုင်လအထိ ခရီးသွား ဧည့်သည် ၁၅ သိန်းကျော် ဝင်ရောက်ခဲ့သော်လည်း ယခုနှစ် ကာလတူတွင်မူ ၁၁ သိန်းကျော်သာ ဝင်ရောက်ထားကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မူလကတည်းက အိမ်နီးချင်းနိုင်ငံနှင့် နှိုင်းစာလျှင် ကြုံလှီသေးကွေးနေသည့် ကိန်းဂဏန်းအတိုင်းအတာမှာ ယခုထပ်မံ ကျုံ့ဝင်သွားခြင်းဟု ဆိုရန်သာ ရှိတော့သည်။

ခရီးသွားလုပ်ငန်းသည် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု၊ အသေးစား အလတ်စား စက်မှုလက်မှုလုပ်ငန်း ဖော်ဆောင်မှု အလှမ်းကွာဝေးဆဲ မြန်မာ့စီးပွားရေးအတွက် ကောက်ရိုးတစ်မျှင်ဟုဆိုရန် အကြောင်းများစွာလည်း ရှိနေသည်။

ကျဆင်းသွားသော ကိန်းဂဏန်းများ ပြန်လည် ဦးမော့လာရေးအတွက် ဆေးစွမ်းကောင်းမှာ စီမံခန့်ခွဲမှုမှအပ အခြားမရှိသည်ကိုလည်း အလှမ်းကျယ်လွန်းသူများ အလယ်မလပ်ကြစေရန် ဟင်္သာက တိုက်တွန်းရေးသားလိုက်ရပေသည်။

အယ်ဒီတာ

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.