Advertisements

Myanmar Now

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက မန္တလေးမြို့ ကျုံးတောင်ဘက်ခြမ်းတွင် မီးပွိုင့်မီးနီသဖြင့် ရပ်စောင့်နေသည့် ဆိုင်ကယ်ကို ဝင်တိုက်မိခဲ့သည့် ပြိုင်ကားမောင်းသူအား ပေါ့လျော့ခြင်းဖြင့်လူသေမှုဖြင့် စွဲချက်တင်ရန် အောင်မြေသာစံမြို့နယ်တရားရုံးက ယနေ့တွင် ဆုံးဖြတ်လိုက်သည်။

Toyota Lexus Saloon အနီရောင် ပြိုင်ကားယာဉ်မောင်း သန်းထက်အောင်သည် မန္တလေးမြို့ကျုံးတောင်ဘက် ၇၈လမ်းနှင့်၂၆လမ်းထောင့် မီးပွိုင့်တွင် ရပ်စောင့်နေသည့် ဆိုင်ကယ်ကို တိုက်မိခဲ့ပြီး ဆိုင်ကယ်ပေါ်ပါ  လူ ၂ ဦး သေဆုံးခဲ့မှုအတွက် တရားရင်ဆိုင်နေရခြင်းဖြစ်သည်။

Facebookတွင် ပြန့်နှံ့ခဲ့သည့် အခင်းဖြစ်ပွားချိန်တွင် ရိုက်ကူးထားသည့် လုံခြုံရေးကင်မရာCCTV ရုပ်ပုံများတွင် ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မှာ ယာဉ်နှင့်အတူ ချိတ်ပါသွားကာ၂၆လမ်းမြောက်ဘက်ရှိ ယာဉ်ထိန်းရဲမီးပွိုင့်အဆောက်အအုံအား ထပ်မံတိုက်မိခဲ့ပြီး ဆိုင်ကယ်မောင်းသူနှင့် သူ၏အဖော်တို့ သေဆုံးသွားခဲ့သည်။

ပေါ့လျော့ခြင်းဖြင့်လူသေစေမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က) သည်  ပြစ်မှုထင်ရှားပါက အမြင့်ဆုံးထောင်ဒဏ် ၇ နှစ်နှင့် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ယာဉ်မောင်း သန်းထက်အောင်သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်နှင့်ငွေဒဏ်လည်း  ချမှတ်နိုင်သည့် အများပြည်သူဆိုင်ရာလမ်းပေါ်တွင် မဆင်မခြင်မောင်းနှင်မှု  ရာဇသတ်ကြီးပုဒ်မ-၂၇၉ နှင့်လည်း တရားရင်ဆိုင်နေရသည်။

“ဒီနေ့ ရုံးတော်ကနေပြီးတော့မှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-ကနဲ့ စွဲချက်အမိန့်ချလိုက်တယ်၊ ဒီပုဒ်မအရ ထောင်ဒဏ် ၇ နှစ် အနည်းဆုံးထိုက်သင့်တဲ့ ပြစ်မှုကို ကျူးလွန်တာဖြစ်တယ်လို့ ထင်မြင်ယူဆတဲ့အတွက် စွဲချက်တင်လိုက်တယ်” ဟု တရားလိုရှေ့နေ ဦးရဲရင့်ဝေက ပြောသည်။

ထိုဖြစ်စဉ်ကြောင့် အောင်မြေသာစံမြို့နယ် တရားရုံးသို့ တရားလိုဖြစ်သူ ရဲအုပ်သန်းဇော်ဦးက ရာဇသတ်ကြီးပုဒ်မ-၃၀၄(က)ဖြင့်လည်းကောင်း၊ တရားလိုဖြစ်သူ ရဲအုပ်စိုးဝင်းသန်းကရာဇသတ်ကြီးပုဒ်မ-၂၇၉ဖြင့်လည်းကောင်း တရားစွဲဆိုခဲ့သည်။

“တရားလိုနဲ့ တရားလိုပြသက်သေတွေကို စစ်ပါတယ်၊ စစ်တဲ့အခါမှာ တရားစစွဲတယ်ဆိုကတည်းက တရားစွဲဆိုအဖွဲ့အစည်းက ၃၀၄-က အရ ပုဒ်မတက်လာပါတယ်၊ တက်လာတဲ့အပေါ်မှာ တရားလိုနဲ့တရားလိုပြသက်သေတွေရဲ့ စစ်ဆေးပေါ်ပေါက်ချက်အရ ဒီပုဒ်မနဲ့ ဖြေရှင်းစေသင့်တယ်၊ ညှိစွန်းတဲ့အချက်တွေ ပေါ်ပေါက်တယ်လို့ ကျင့်ထုံးအရတွေ့ရှိရလို့ စွဲချက်တင်တာပဲ ဖြစ်ပါတယ်”ဟု  အောင်မြေသာစံမြို့နယ်တရားရုံးမှ သတင်းပြန်ကြားရေးအရာရှိ ဒေါ်မြင့်မြင့်ချစ်ကျော်က ပြောသည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉ အမှုနှင့်ပတ်သက်ပြီး တရားလိုပြသက်သေ ၁၃ ဦး ရုံးတင်စစ်ဆေးခဲ့ကာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က အမှုနှင့် ပတ်သက်ပြီး တရားလိုပြသက်သေ၂၂ ဦး တင်ထားသော်လည်း ၄ ဦးအား ပယ်ခဲ့ပြီး တစ်ဦးထပ်တိုးခဲ့သည့်အတွက် ၁၉ ဦးအားစစ်ဆေးခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

လာမည့်ရုံးချိန်းအား ဩဂုတ်လ ၁၂ ရက်နေ့သို့ ထပ်မံချိန်းဆိုထားပြီး သန်းထက်အောင်အားဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply