Advertisements

နယ်ပယ်အသီးသီး ၊ လုပ်ငန်းအသီးသီး ၊ဌာနအသီးသီးတွင် လူတစ်ဦးတစ်ယောက်(သို့) လူတစ်စု (သို့) လူထုထိခိုက်နစ်နာမှုမရှိစေရေးအတွက် စည်းကမ်းချက်များ၊ လုပ်ထုံးလုပ်နည်းများ ၊ အမိန့်ညွှန်ကြားချက်များ၊ နည်းဥပဒေနှင့် ဥပဒေများထုတ်ပြန်၍ အကာအကွယ်ပေးကြလေ့ရှိပါသည်။ ထိုသို့သတ်မှတ်ပြဋ္ဌာန်းထားခြင်းသည် ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်များကို ကြိုတင်ကာကွယ်စောင့်ရှောက်ပေးခြင်းသာဖြစ်ပါသည်။

နေရာအသီးသီးတွင် စည်းကမ်းသတ်မှတ်ချက်များရှိသကဲ့သို့ ယာဉ်မောင်းသူနှင့်လမ်းအသုံးပြုသူများ အန္တရာယ်ကင်းဘေးရှင်းစွာ သွားလာနိုင်ရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သတ်မှတ်ပြဋ္ဌာန်းပေးထားသဖြင့် ယာဉ်မောင်းသူတိုင်း၊ လမ်းအသုံးပြုသူတိုင်းသည် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို တိကျစွာလိုက်နာဆောင်ရွက်ရမည့်တာဝန်ရှိပါသည်။ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကိုဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေများအရ အရေးယူခြင်းခံရပေလိမ့်မည်။

၎င်းတို့အနက်မီးပွိုင့်များသည် ယာဉ်မောင်းသူနှင့်လမ်းအသုံးပြုသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် မရှိမဖြစ်အရေးပါသော သတိပေးတားမြစ်ချက်ဖြစ်သောကြောင့် လူစည်ကားပြီးယာဉ်အသွားအလာ ရှုပ်ထွေးမှုများပြားသော လမ်းဆုံ၊ အဓိကကျသည့်လမ်းဆုံလမ်းဝများတွင် မီးပွိုင့်များကိုတပ်ဆင်ပေးထားလေ့ရှိပါသည်။

Advertisements
data-language="en"

မော်လမြိုင်မြို့တွင် ယခင်က မီးပွိုင့်(၁၀)ခုတပ်ဆင်ပေးထားသော်လည်း ယာဉ်စီးရေတိုးတက်များပြားလာခြင်း၊ လူဦးရေထူထပ်တိုးပွားလာခြင်းတို့ကြောင့် ၂၀၁၈ ခုနှစ် ၊ ဖေဖော်ဝါရီလမှစ၍ မီးပွိုင့်အသစ်(၅)ခုကို မော်လမြိုင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တိုးချဲ့တပ်ဆင်ပေးထားပါသည်။

မီးပွိုင့်များတပ်ဆင်ရာတွင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ တပ်ဆင်ကြရပါသည်။ မီးပွိုင့်တစ်ခုတွင်ပါရှိသင့်ပါရှိထိုက်သည့် အင်္ဂါရပ်များမှာ (၁) စက်ခလုတ်ခုံများထားရှိရန်နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၏ တာဝန်ကျနားနေဆောင်၊ (၂) သတိပေးဆိုင်းဘုတ် ၊(၃) မီးပွိုင့်ဧရိယာအတွင်းရှိ ကတ္တရာလမ်းများပေါ်တွင်ယာဉ်ကြောအမှတ်အသားပြမြားများရေးဆွဲထားခြင်း၊ (၄) လူကူးမျဉ်းကြား(သို့) မျဉ်းဝါနှစ်ကြောင်း (၎င်းမျဉ်းဝါနှစ်ကြောင်းအတွင်းမှသာဖြတ်ကူးရန်)၊ (၅) ရပ်မျဉ်း၊(၆) မီးပွိုင့်တည်ရှိသော လမ်းဆုံလမ်းဝနေရာအား ထင်ရှားပြတ်သားစွာမြင်နိုင်ရေးအတွက် အားကောင်းသောလျှပ်စစ်မီးများတပ်ဆင်ပေးထားခြင်း၊ (၇) မီးပွိုင့်ဧရိယာအတွင်း လမ်းဘေးဝဲ/ယာ ပလက်ဖောင်းများတွင် ရပ်မျဉ်းနှင့်(၁၅)ပေ အကွာအဝေးတွင် ဖြူ/နီကျားဆေး ရေးခြယ်ပေးထားခြင်းစသည်တို့ဖြစ်ပါသည်။

ဤသည်မှာ မီးပွိုင့်တစ်ခုချင်းစီတွင် ရှိသင့်/ရှိထိုက်၊ ပါဝင်သင့်ပါဝင်ထိုက်သည့် အင်္ဂါရပ်များပင်ဖြစ်ပါသည်။ ထို့ပြင် မီးပွိုင့်ဧရိယာအတွင်း ဈေးတည်ခင်းရောင်းချခြင်းနှင့် ယာဉ်များရပ်တန့်ထားခြင်းမပြုရဟူသော သတ်မှတ်ပြဋ္ဌာန်းချက်များလည်းရှိပါသည်။

ယာဉ်မောင်းသူများနှင့် လမ်းအသုံးပြုသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် မီးပွိုင့်များတပ်ဆင်ပေးထားသော်လည်း မော်လမြိုင်မြို့တွင် အင်္ဂါရပ်မပြည့်စုံသေးသည့် မီးပွိုင့်အမြောက်အမြားတွေ့မြင်နေရဆဲဖြစ်ပါသည်။ အချို့သောမီးပွိုင့်များတွင် စိုက်ပျိုးထားသောနှစ်ရှည်ပင်များ၏ အကိုင်းများကွယ်နေသဖြင့် မီးပွိုင့်ကိုထင်ရှားစွာမမြင်ရခြင်း၊ မီးပွိုင့်ဧရိယာအတွင်းဈေးဆိုင်အချို့ ဈေးတည်ခင်းရောင်းချနေသောကြောင့် အန္တရာယ်ဖြစ်စေနိုင်ပါသည်။

မီးပွိုင့်တွင်တပ်ဆင်ထားသော “မီးဝါတွေ့ရှိပါက အရှိန်လျော့ပါ။ မီးနီတွေ့ပါက ရပ်ပါ၊ မီးစိမ်းပါကမောင်းပါ” ဟူသောအဓိပ္ပာယ်ဖွင့်ဆိုချက်ကို ယာဉ်မောင်းသူများနှင့်လမ်းအသုံးပြုသူတိုင်းသိရှိကြပါသည်။ သို့ပါသော်လည်းယာဉ်မောင်းသူအချို့မှာ မီးဝါတွေ့ပါကအရှိန်လျော့ရမည်ဖြစ်သော်လည်း မီးနီလွတ်ရေးအတွက်မီးဝါနေချိန်တွင် အရှိန်မြင့်၍ ဖြတ်မောင်းနေကြသည်ကို မြင်တွေ့နေရပါသည်။

ထိုအချိန်တွင်မီးစိမ်းပြနေသော ယာဉ်ကြောဘက်မှမီးဝါနေချိန်တွင် မီးနီလွတ်ရန်အရှိန်ဖြင့်ဖြတ်မောင်းသွားချိန် မီးနီပြနေသောယာဉ်ကြောဘက်မှ မီးမစိမ်းခင်မီးဝါကိုဖြတ်မောင်းမိမည်ဆိုပါက လမ်းလယ်ခေါင်တွင် ယာဉ်တိုက်မှုဖြစ်ပွားမည်မှာ အသေအချာပင်။

မီးပွိုင့်တိုင်းတွင် အချိန်ပြဒိုင်ခွက်ပါ မီးပွိုင့်များကို ဦးစားပေးတပ်ဆင်ပေးသင့်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ယာဉ်အသီးသီးသည် အရှိန်ဖြင့်မောင်းနှင်လာသည်ဖြစ်သောကြောင့် ရုတ်တရက်မီးဝါမိပါက ဘရိတ်နင်းရန် အချိန်မီတော့မည်မဟုတ်သောကြောင့်ယာဉ်တိုက်မှုဖြစ်ပွားနိုင်ပါသည်။

အချိန်ပြဒိုင်ခွက်ပါသော မီးပွိုင့်ဖြစ်ပါက မီးဝါပြရန်အချိန် မည်မျှကျန်သေးသည်ကိုကြိုတင်မြင်တွေ့နေရသောကြောင့် မိမိယာဉ်အားသတိဖြင့် အရှိန်အတိုးအလျော့ပြုလုပ်နိုင်သဖြင့် ယာဉ်တိုက်မှုကိုလျော့နည်းကျဆင်းစေပါသည်။သို့ပါသော်လည်း အချိန်ပြဒိုင်ခွက်ပါ မီးပွိုင့်များသည် သာမန်မီးပွိုင့်များထက်ကုန်ကျငွေ ပိုမိုများပြားသောကြောင့် စီးပွားရေးလုပ်ငန်းရှင်များ၊ အလှူရှင်များရှာကြံ၍ ပူးပေါင်းဆောင်ရွက်သင့်ပါသည်။

အသစ်တပ်ဆင်ပေးထားသော မီးပွိုင့်(၅)ခုအနက် ဈေးကြိုရပ်ကွက် ၊ ကျိုက္ခမီလမ်းပေါ်ရှိ RTC မီးပွိုင့်သည် အမြန်လမ်းမကြီးပေါ်တွင်တည်ရှိသော မီးပွိုင့်အသစ်တစ်ခုဖြစ်သောကြောင့် ရပ်ဝေးမှလာရောက်ကြသော ယာဉ်မောင်းသူများထိုနေရာတွင် မီးပွိုင့်ရှိကြောင်းသတိပြုမိသူ နည်းပါပေလိမ့်မည်။အမြန်လမ်းမကြီးဟူသည့်အတိုင်း အရှိန်ဖြင့်မောင်းနှင်ကြလေ့ရှိသောကြောင့် ထိုမီးပွိုင့်အားမီးပွိုင့်အင်္ဂါရပ်နှင့်ညီညွတ်ပြည့်စုံစေရန် ဦးစားပေးဆောင်ရွက်သင့်ပါသည်။

ရန်ကုန် -နေပြည်တော် အမြန်လမ်းမကြီးတစ်လျှောက်တွင် အရှိန်လျော့မျဉ်းဝါများပြုလုပ်ပေးထားသဖြင့်ယာဉ်မောင်းသူများ ငိုက်မြည်းမှုကို ပြေပျောက်စေပါသည်။မော်လမြိုင်မြို့တွင် အရှိန်လျော့ မျဉ်းဝါများရေးဆွဲထားသောနေရာ(၄)နေရာရှိသော်လည်း မီးပွိုင့်ဧရိယာအနီးပတ်ဝန်းကျင်တွင်မူ ထိုအရှိန်လျော့မျဉ်းဝါများ ရေးဆွဲထားခြင်းမရှိပါချေ။

ထိုအရှိန်လျော့မျဉ်းဝါများသည် ယာဉ်မောင်းသူများငိုက်မျဉ်းမှုကိုကာကွယ်ပေးရုံမျှမက အရှိန်လျော့မောင်းရန်သတိပေးရာလည်းရောက်သဖြင့် မီးပွိုင့်ပတ်ဝန်းကျင်ရှိသတိပေးဆိုင်းဘုတ်နှင့် မလှမ်းမကမ်းရှိယာဉ်ကြောများတွင် ထိုအရှိန်လျော့မျဉ်းဝါများ ရေးဆွဲပေးထားမည်ဆိုပါက ယာဉ်အန္တရာယ်ပိုမိုကင်းရှင်းသွားလိမ့်မည်ဟု ထင်မြင်ယူဆမိပါသည်။

ယာဉ်မောင်းသူများသိရှိလိုက်နာရန်ဟူသော သတိပေးဆိုင်းဘုတ်များနေရာအနှံ့အပြားတွင် စိုက်ထူပေးထားသည်ကိုတွေ့ရပါသည်။ ထိုကြေညာဆိုင်းဘုတ်များတွင် “အသက်ကယ်ထိုင်ခုံ ခါးပတ်ပတ်ပါ”စာတန်းပါရှိသော်လည်း စာကြောင်းရေများလွန်းသဖြင့် ယာဉ်မောင်းသူများအစအဆုံးဖတ်ရန် အချိန်မရနိုင်သောကြောင့် “ အသက်ကယ်ထိုင်ခုံ ခါးပတ်ပတ်ပါ”ဟူသောစာတန်းပါဆိုင်းဘုတ်များကို ရောင်ပြန်ဆေးဖြင့်ရေးသား၍ နေရာအနှံ့အပြားတွင် စိုက်ထူပေးထားမည်ဆိုပါက ယာဉ်မတော်တဆ ဖြစ်ပွားမှုကြောင့် ထိခိုက်သေဆုံးမှုကို လျှော့ချကာကွယ်နိုင်မည်ဖြစ်ပါသည်။

င်္မီးပွိုင့်များတွင် မီးပျက်နေပါက တာဝန်ကျယာဉ်ထိန်းတပ်ဖွဲ့ဝင်များမှ ယာဉ်ကြောရှင်းလင်းရေးလုပ်ငန်းများကို ဝင်ရောက်ဆောင်ရွက်ပေးသင့်ပါသည်။

မော်လမြိုင်မြို့တွင် အဝိုင်း(၄)ခုရှိပါသည်။ အဝိုင်း၏အဓိပ္ပါယ်သည် အဝိုင်းပတ်ယာဉ်ကိုဦးစားပေးရမည်ဖြစ်သော်လည်း အထူးသဖြင့် သံလွင်တံတားထိပ်ရှိ ဟင်္သာအဝိုင်းတွင် ဒိုင်းဝန်းကွင်းလမ်းအတိုင်း အရှေ့ဘက်မှအနောက်ဘက်သို့ ဦးတည်မောင်းနှင်လာသောယာဉ်များသည် မိန်းလမ်းမကြီးဖြစ်သောကြောင့် အရှိန်ဖြင့်မောင်းနှင်လာကြသဖြင့် အဝိုင်းပတ်ယာဉ်ကို ဦးစားပေးရမည်ဖြစ်သော်လည်း ဦးရာလူစနစ်ဖြင့်အတင်းတိုးဝင်မောင်နှင်နေကြသည်မှာ အန္တရာယ်များလွန်းလှပါသည်။ သို့အတွက်ကြောင့် ထိုအဝိုင်းများတွင် ရပ်မျဉ်းများနှင့် သတိပေးဆိုင်းဘုတ်များ ရေးဆွဲစိုက်ထူပေးသင့်ပါသည်။

“ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမို ထိရောက်သည်” ဟူသောစကားအတိုင်း ယာဉ်မောင်းသူနှင့် လမ်းအသုံးပြုသူတိုင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ရည်ရွယ်ကာစေတနာဖြင့် သတ်မှတ်ပြုလုပ်ပေးထားသော မီးပွိုင့်များသည်ပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ်များကို ကြိုတင်ကာကွယ်ပေးထားသည် လုပ်ငန်းဆောင်တာများပင်ဖြစ်ပါသည်။

မိမိ၏စေတနာမှန်ကန်ထိရောက်မှုရှိစေရန်အတွက် စေတနာနှင့်သေချာမှုက အရေးကြီးပါသည်။သို့ဖြစ်ပါ၍ မော်လမြိုင်မြို့တွင် တည်ရှိသောမီးပွိုင့်များနှင့် အဝိုင်းများတွင် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များကို ကြိုတင်ကာကွယ်ပေးသည့်အနေဖြင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြင့် ကုသိုလ်ပြုနိုင်ကြပါစေဟု စေတနာဖြင့်အကြံပြုရေးသားလိုက်ရပါသည်။

(မှတ်ချက်။ ။ ဤစာမူသည် မော်လမြိုင်မြို့ရှိ မီးပွိုင့်များသာမက မြန်မာတစ်နိုင်ငံလုံးရှိ မီးပွိုင့်များကိုပါ ရည်ရွယ်ရေးသားရခြင်းဖြစ်ပါသည်။ ။)

Written by သူရိန်အောင်

Leave a Reply