မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၉ ။ ။ အခြား ပြည်နယ်နယ် နှင့် တိုင်းများတွင် မီးဘေးအန္တရာယ် များဆက်တိုက်ဖြစ်ပွားနေသောကြောင့် မွန်ပြည်နယ် မီးသတ်တပ်ဖွဲ့ က မီးသတ်ယာဉ် များကို လုံလောက်စွာ ထားရှိရေး စီစဉ်ထားကြောင်း မော်လမြိုင်မီးသတ် ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးရဲအောင်က ပြောကြားသည်။

fire-car

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးတွင် ဖေဖော်ဝါရီ ၁၉ ရက်က မီးဘေးကြိုတင်ကာကွယ်ရေး ပညာပေးဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်ခြင်း အခမ်းအနားတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုအချိန်တွင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အကြိမ် ၆၀ ထက်မနည်း မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဆိုပါ မီးလောင်မှုများတွင် ဆုံးရှုံးမှုတန်ဖိုးအများဆုံး မီးလောင်မှုများလည်း ဖြစ်ပွားခဲ့ကြောင်း ဦးရဲအောင်က ပြောသည်။

မီးလောင်မှုအများစုသည် မီးဖိုချောင်ထဲက စခြင်းဖြစ်ပြီး မီးဖိုချောင်လို မီးလောင်လွယ်တဲ့ နေရာများမှာ အမြဲ တမ်းသတိထားပြီး ဂရုစိုက်ရန် လိုအပ်ကြောင်း၊ ကိုယ့်အိမ်နဲ့ ကိုယ့်မိသားစုကို မီးဘေးအန္တရာယ် ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားသင့်ကြောင်း ၎င်းက ရှင်းပြသည်။

မီးလောင်မှုု ဖြစ်ပေါ်လာပါက မီးလောင်နေရာသို့ သွားလာရာလမ်းကြာင်းများနှင့် မီးသတ်ကားများ ဝင်ထွက်ဖို့ အဆင်ပြေစေရန် စနစ်တကျ ဝိုင်းဝန်း ကူညီဖယ်ရှားပေးရန် အရေးကြီးကြောင်း၊ မီးလောင်မှုဖြစ်ပါက မီးသတ် တပ်ဖွဲ့ (၁၉၁)သို့ ဖုန်းဆက် အကြောင်းကြားပါက အမြန်ဆုံးမီးလောင်သည့်နေရာသို့ ရောက်လာမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။

မွန်ပြည်နယ်တွင် မီးသတ်စခန်းကြီး ၁၄ ခုရှိပြီး မီးငြိမ်းသတ်ယာဉ် ၄၆ စီး၊ ရေသယ်ယာဉ် ၃၇ စီး၊ အုပ်ချုပ်မှုယာဉ် လေးစီး၊ အထောက်အကူပြုယာဉ် သုံးစီး၊ လူနာတင်ယာဉ် ၁၅ စီး၊ နောက်တွဲစက်ပါယာဉ် နှစ်စီး၊ မီးသတ်စက် ၂၆ လုံးနှင့် အပေါ့စားမီးသတ်စက် အလုံး ၈၀ ရှိကြောင်း မွန်ပြည်နယ် မီးသတ်ဦးစီးဌာနမှ သိရသည်

Leave a Reply