မီးရထားကဏ္ဍ ချဲ့ထွင်ရန် ဒေါ်အောင်ဆန်းစုကြည် အကြံပြု

ခရီးသွားလုပ်ငန်းတွင် ကမ္ဘာလှည့်ခရီးသည်များကို ပိုမို ဆွဲဆောင်နိုင်ရန် မြန်မာနိုင်ငံ၏ မီးရထားကဏ္ဍကို ပိုမို ချဲ့ထွင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အကြံပြုတိုက်တွန်းခဲ့သည်။

“ကျွန်မတို့ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်ချင်ရင် အတွေးသစ်၊ အမြင်သစ်တွေ ရှိရမယ်။ ကျွန်မတို့နိုင်ငံမှာ ဘာတွေလို အပ်နေသလဲ၊ ကျွန်မတို့နိုင်ငံရဲ့ မီးရထားကဏ္ဍကို ပိုမိုပြီးတော့ ချဲ့ထွင်နိုင်ရင် ပိုပြီး ဆွဲဆောင်မှု မရှိဘူးလားဆိုတာ စဉ်းစားစေချင်ပါတယ်” ဟု သြဂုတ် ၃ ရက်နေ့က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၁/၂၀၁၈)အစည်းအဝေး ကို ကျင်းပရာ တက်ရောက် အဖွင့်အမှာစကား ပြောကြားစဉ် ယင်းသို့ ဆန္ဒပြုခဲ့သည်။

ယခုအခါ ကမ္ဘာ့လှည့်ခရီးသည်လုပ်ငန်းမှာ နိုင်ငံအတွက်သာမက တစ်ကမ္ဘာလုံး အတွက် အရေးကြီးသည့် လုပ်ငန်းတစ်ရပ်ဖြစ်လာကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ပိုမိုတိုးတက်ခေတ်မီပြီး စုံစုံလင်လင် လုပ်ဆောင်ပေးနိုင်လျှင် ကမ္ဘာလှည့်ခရီးသည်များအတွက် အများကြီး ပို ဆွဲဆောင်မှုရှိနိုင်မည်ဖြစ်ကြောင်း၊ ၎င်းက ဖြည့်စွက်ပြောဆိုသည်။

 “တကယ်ပဲ ကမ္ဘာလှည့်ခရီးသည်တွေကို ကျွန်မတို့နိုင်ငံကို လာစေချင် တယ်ဆိုရင် ဒီခရီးသည်များဟာ ကိုယ့်အတွက် ပိုက်ဆံ ရှာနိုင်တဲ့ အခွင့်အရေးတစ်ခု လို့ပဲ စဉ်းစားလို့မဖြစ်ပါဘူး။ ကျွန်မတို့လိုပဲ လူသားတွေ၊ ကျွန်မတို့လိုပဲ ပျော်ရွှင်ချင် တယ်၊ ချမ်းမြေ့ချင်တယ်။ ခဏတာ အလည်အပတ်လာတဲ့အခါကျရင် စိတ်အေးလက် အေးနဲ့ မြင်ချင်တွေ့ချင်တာတွေကို မြင်တွေ့ဖို့ အခွင့်အရေးလေးတွေ ရချင်တယ်ဆိုတဲ့ စိတ်တွေနဲ့ လာကြတာပါ။

အဲဒီတော့ အဲဒီဆန္ဒတွေကို ဖြည့်ဆည်းပေးမယ်ဆိုရင် နောင် ကမ္ဘာလှည့် ခရီးသည်တွေကလည်း ပိုမိုပြီးတော့ လာကြမှာ ဖြစ်ပါတယ်”ဟုလည်း ဒေါ်အောင်ဆန်းစုကြည်ကထပ်လောင်းအကြံပြုပြောဆိုခဲ့သည်။

ယခုလက်ရှိ မိမိတို့နိုင်ငံတွင် ကမ္ဘာလှည့် ခရီးသည်များ အဓိက အားကိုးနေရသည့် လေကြောင်းခရီးအပြင် ကုန်းကြောင်းခရီး၊ မီးရထားခရီး၊ ရေကြောင်းခရီး စသည်တို့ကိုပါ ထည့်သွင်းစဉ်းစားကြရန်လည်း တိုက်တွန်းခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၊ ဒုတိယ ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာ နိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင်အသင်းတို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

Written by ခေတ်မင်း

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.