Advertisements

ရန်ကုန် ၊ အောက်တိုဘာ ၁၉

ကန်တော်ကြီးပဲလ်လေ့ဟိုတယ် မီးလောင်မှုကြောင့် တည်းခိုနေသော ဧည့်သည်များတစ်စုံတစ်ရာ ထိခိုက်မှုများရှိပါက သက်ဆိုင်ရာနိုင်ငံများမှ မိသားစုများကိုပါ လိုက်ပါတွေ့ဆုံ၍ ကျေနပ်လောက်သည့်အနေအထားမျိုးအထိ အားလုံးစီစဉ်ပေးသွားမည် ဟိုတယ်ပိုင်ရှင် ဦးတေဇ၏ ဥက္ကဌရုံးတာဝန်ခံ ဦးဌေးလွင်ကပြောသည်။

ကန်တော်ကြီးပဲလ်လေ့ဟိုတယ် ယနေ့နံနက် ၃ နာရီခွဲအချိန်ခန့်တွင် စတင်မီးလောင်ကျွမ်းခဲ့ပြီး ဟိုတယ်အခန်းအများစု မီးလောင်ပျက်ဆီးခဲ့ခြင်း နှင့် ပက်သက်၍ ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်တွင် အဆိုပါကိစ္စ နှင့် ပက်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

“မတော်တဆထိခိုက်မှုဖြစ်လာခဲ့ရင်လည်း ပွင့်ပွင့်လင်းလင်းတင်ပြပါ။ တကယ်လို့ဖြစ်လာခဲ့လို့ရှိရင်လည်း လိုအပ်လာလို့ရှိရင်လည်း သူတို့သက်ဆိုင်ရာနိုင်ငံမှာ မိသားစုကို လိုက်တွေ့ပြီးတော့ သူတို့ကျေနပ်လောက်တဲ့အနေအထားမျိုးအထိ အားလုံးစီစဉ်ပေးပါဆိုတဲ့ ညွှန်ကြားချက်ရထားတဲ့အတိုင်းပဲ ကျွန်တော်တို့ ညွှန်ကြားချက်အားလုံးကို ဆောင်ရွက်နေပါတယ်” ဟု ၎င်းကထပ်လောင်းပြောဆိုသည်။

ယင်းဟိုတယ်တွင် အခန်း ၁၈၅ ခန်းရှိပြီး မီးလောင်မှုကြောင့် အခန်း ၄၀ ခန့်သာ အကောင်းအတိုင်းကျန်ရှိတော့ကြောင်း မီးလောင်မှုကြောင့် နိုင်ငံခြားသားဧည့်သည်တစ်ဦးသေဆုံးခဲ့ပြီး နိုင်ငံခြားသားဧည့်သည်တစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိမှုကြောင့် ရန်ကုန်ဆေးရုံကြီးတွင် ဆေးတက်ရောက်ကုသနေကြောင်း သိရသည်။

မည်သည့်အတွက်ကြောင့် မီးလောင်ကျွမ်းသည် နှင့် မည်မျှ ဆုံးရှုံးခဲ့သည်ကို သိရှိခြင်းမရှိသေးဘဲ မီးသတ်ဌာနမှဆက်လက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်းသိရသည်။ မီးလောင်မှုဖြစ်စဉ်နှင့် ပက်သက်၍ ဟိုတယ်မှ Night Shift Operation Manager ဦးသီဟ နှင့် Supervisor တစ်ဦးကို မင်္ဂလာတောင်ညွှန့်ရဲစခန်းတွင် စစ်ဆေးနေကြောင်းသိရသည်။

Written by – ဆုမင်းကို

Advertisements
<

Leave a Reply