Advertisements

စစ်တောင်းမြစ်နှင့် မုတ္တမ ပင်လယ်ကွေ့အစပ်နားတွင်တည်ရှိသော ဘုန်းကြီးကျောင်း တစ်ကျောင်း ထံ ပင်လယ်ရေ လှိုင်းများ တဝုန်းဝုန်းဖြင့်ဝင်ဆောင့်လာသည်။ ဘုန်ကြီးကျောင်းအောက်ခံမြေသားလည်း တဖြည်းဖြည်းလှိုက်စားကာ ထီးထီးတည်ရှိနေသော အဆောက်အဦကို
ဖြိုချနေသယောင်ရှိသည်။

ထိုသို့ ပြိုကျနေသော ဘုန်းကြီးကျောင်းကို ဒေသခံ လူစုက လက်ပိုက်စောင့်ကြည့်ရုံသာတတ်နိုင်သည်။ တဝုန်းဝုန်းအော်မြည်သံနှင့် ရိုက်ခတ်နေသော ဒီရေသည်ကား ရေတက်ချိန်၂ နာရီ နီးပါးအကြာတွင် ဘုန်ကြီးကျောင်း တစ်ကျောင်းလုံးကို ပင်လယ်ရေအောက်သို့ ပို့ဆောင်လိုက်သည်။

ကြမ်းတမ်းသည့် ရေစီးကြောင်းနှင့် လှိုင်းလုံးများကြောင့် မုတ္တမပင်လယ်ကွေ့ တည်နေရာ ရွေ့လျားမှုများဖြစ်ပေါ်ခဲ့ပြီး ၁၉၈၄ ခုနှစ်မှ ၂၀၁၆ခုနှစ်အထိ ဂြိုဟ်တုမှတ်တမ်းဖော်ပြချက်အရ နှစ် ၃၀ အတွင်း အလွန်နက် စောက်သည့် ရေစီးကြောင်းများကို ပဲခူးဘက်ခြမ်းမှ မွန်ပြည်နယ်ဘက်သို့ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့သည်။

ရေတိုက်စားခံရခြင်း၏ ဇစ်မြစ်

စစ်တောင်းမြစ်နှင့် မုတ္တမပင်လယ်ကွေ့ထိစပ်သည့် နေရာသည် ရွေ့လျားအားနှင့်အတူ ဒီရေစီးဆင်းမှုစနစ်တစ်ခုအဖြစ်သို့ ဖြစ်ပေါ်ခဲ့ပြီး ယင်းဒီရေစီးဆင်းမှုက ကမ္ဘာပေါ် ကစောင့်ကြည့်နေရသည့်သဘာဝဘေးအန္တရာယ် တစ်ခုလည်း ဖြစ်လာခဲ့သည်

အဆိုပါဒီရေစီးဆင်းမှု ဖြစ်စဉ်များကြောင့် မုတ္တမပင်လယ်ကွေ့ရစီးကြောင်းသည် တစ်ဖက်မှ တစ်ဖက်သို့ရွေ့လျားသွားလာနေပြီး ကမ်းပါးတိုက်စားမှုနှင့် သောင်မြေပေါ်ထွန်းများ ဖြစ်ပေါ်ခဲ့သည်။

စစ်တောင်းမြစ်နှင့် မုတ္တမပင်လယ်ကွေ့သည် မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး နယ်နိမိတ်ကို ပိုင်းခြားထားသည့်မြစ်တစ်စင်းလည်းဖြစ်သည်။

စစ်တောင်းမြစ်ရေသည် ပင်လယ်ထဲသို့ စီးဝင်သကဲ့သို့ ပင်လယ်ရေသည်လည်း စစ်တောင်းမြစ်ထဲသို့ စီးဝင်နေသောကြောင့် မြစ်ရေနှင့် ပင်လယ်ရေ ဆုံသည့်နေရာသည် ဒီရေလှိုင်းလုံးများဖြစ်ပေါ်ပြီး မုတ္တမပင်လယ်ကွေ့ကမ်းစပ်သို့ ဒီရေလှိုင်းများရိုက်ခတ်လာသည်။

၂၀၁၆ ခုနှစ်နောက်ပိုင်းတွင် စစ်တောင်းမြစ်ရေတိုက်စားမှု အလျင်အမြန်ဖြစ်ပေါ်ခဲ့သည့်အတွက်ပဲခူးတိုင်းဒေသကြီးဘက်ခြမ်းရှိကဝမြို့နယ်၊မမောက်ကျေးရွာအပါအဝင် အခြားကျေးရွာပေါင်း ၁၂ ရွာလည်းပင်လယ်ထဲသို့ ပျောက်ကွယ်သွားပြီးဖြစ်သည်။

၂၀၁၈ ခုနှစ်နောက်ပိုင်းတွင် စစ်တောင်းမြစ်ရေတိုက်စားမှုများ ရပ်တန့်သွားခြင်း မရှိခဲ့လျှင် ကျေးရွာပေါင်းများစွာ ပြိုကျနိုင်မည့် အနေအထားများရှိနေသည်။

ထို့ကြောင့် မြန်မာနိုင်ငံ မုတ္တမပင်လယ်ကွေ့၏ ထူးခြားသည့် ဂေဟစနစ်နှင့် ပင်လယ်ကွေ့ဒေသတစ်လျှောက်နေထိုင်နေကြသည့် ဒေသခံများအတွက် မည်သို့ အကာအကွယ်ပေးမည်ကို စိတ်ဝင်စားဖွယ်ကောင်းသည့် မေးခွန်းတစ်ခုဖြစ်နေသည်။

“ရေတက် ရေကျတော့ ရှိပါတယ်။ဒါပေမဲ့ ဒီလောက် မကြီးဖူးဘူးပေါ့နော်။ အခုက ရေကလည်းတက် လှိုင်းတွေကလည်း ပစ်တော့ ဘေးကဟာတွေ အကုန်လုံး ပြတ်ပြတ်ကျတယ်။ အိမ်ကလည်း မြုပ်၊ တင်စရာနေရာမရှိတော့ အကုန်မျောတာပေါ့ ဒီအတိုင်း ငုပ်တုပ်ထိုင်နေရတာပေါ့” ဟု
ကံတော်ကျေးရွာဒေသခံ ဒေါ်သန်းဌေးက ပြောသည်။

မုတ္တမပင်လယ်ကွေ့သို့ ရိုက်ခတ်လာသည့်လှိုင်းများက စစ်တောင်းမြစ်ကမ်းပါးပြိုကျမှု ဖြစ်ပေါ်ခဲ့ပြီး အဓိကအားဖြင့် လဆန်းနှင့် လဆုတ်ရက်များမှာ ကျေးရွာများတွင် ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့သည့်အပြင် လှိုင်းလုံးများ ပို၍ ကြီးသည်။

ကမ်းပြိုဒေသတွင် နေထိုင်နေကြသည့် ဒေသခံများသည် ဒီရေမြင့်တက်လာပြီး ရေလွှမ်းမိုးမှုကြောင့် သူတို့ပိုင်ဆိုင်သည့် ပစ္စည်းများ ဆယ်ယူနိုင်ခြင်းမရှိဘဲ ပင်လယ်ထဲသို့ မျောပါသွားသည်ကို ရပ်ကြည့်နေရသည့်အပြင် ဒေသခံတို့ လုပ်ကိုင်စားသောက်နေသည့် လယ်ယာမြေများလည်း စစ်တောင်းမြစ်ရေတိုက်စားမှုကြောင့် တစ်စစီပြိုကျ ပျက်စီးဆုံးရှုံးနေမှုများကိုလည်း ရပ်ကြည့်နေရသည်။

“ကျွန်တော်တို့ ဘဏ္ဍာကျေးရွာတစ်ရွာလုံးပြန်ကြည့်မယ်ဆိုရင် ဧကပေါင်း ၁၂၀၀၀ ကျော်ရှိတယ်။ အခုပြိုကျသွားတဲ့ဧကတော့ ကျွန်တော်တို့ (၂၀၁၈) ၇ လပိုင်းအကုန်ပေါ့၊ ၈ လပိုင်းအစထိကို ကျွန်တော်တို့ ဌာနဆိုင်ရာ မြေစာရင်းနဲ့ သွားစစ်ကြည့်တော့ မြေဧကပေါင်း ၉၀၀၀ ကျော်
ကုန်သွားပြီး” ဟု (ဘဏ္ဍာ) အရိုးပုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်မိုးကပြောသည်။

၂၀၁၇ ခုနှစ်တွင် အရိုးပုံကျေးရွာ ကမ်းပါပြိုကျမှု စတင်ဖြစ်ပေါ်ခဲ့ပြီး တစ်နှစ်ကာလအတွင်း ကမ်းပါးပြိုကျမှုမှာ ၄ မိုင်ခွဲခန့် ပြိုကျသွားသည့်အတွက် ဒေသခံပြည်သူများအတွက် နေထိုင်ရေးကိစ္စရပ်များက အခက်အခဲဖြစ်စေခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

တိုက်စားခံရသော ဘဝများ

လက်ရှိဖြစ်ပေါ်ခဲ့သည့် ကမ်းပါးပြိုကျမှုနှင့် လယ်ယာမြေဆုံးရှုံးမှုများကြောင့် ဒေသခံများအတွက် ကြီးမားသည့်အသက်မွေးဝမ်းကျောင်းပြဿနာများကို ရင်ဆိုင်နေရသည်။

“ပထမစပြိုတုန်းက အဘတို့က ဧက ၃၀ လောက်ကုန်ခဲ့တယ်။ အခုမမောက်ဒေသရောက်တော့မှ အခုဘိတ်ဆုံးပြိုတာဆိုရင် အဘက ဧက၁၅၀ လောက်ကုန်တယ်။ အခုလောလောဆယ် ရွာရွှေ့ပြောင်းတဲ့အထိ ဧက၁၅၀ ကို လုပ်နေရင်းနဲ့ ပြိုသွားတယ်”ဟု မမောက်ကျေးရွာဒေသခံ ဦးတင်
အောင်က ပြောသည်။

လက်ရှိဖြစ်ပေါ်ခဲ့သည့် ကမ်းပါးပြိုကျမှုနှင့် လယ်ယာမြေဆုံးရှုံးမှုများကြောင့်အသက်မွေးဝမ်းကျောင်း ပြဿနာကို ရင်ဆိုင်နေရသည်။

“ကမ်းပြိုပြီးတော့ ကျန်တဲ့လယ်တွေ လုပ်ကိုင်တဲ့နေရာမှာလည်း သောကတွေ ရောက်တာပေါ့၊ ရေတက်ကအုပ်လိုက်လို့ နွေရာသီရောက်မှ စပါးကို ခါတိုင်း ၅၀ ထွက်လို့ ၂၀ တစ်စီးလောက်နဲ့ ၁၄၊ ၁၅ တင်းလောက်နဲ့ လုပ်ကိုင်စားသောက်ပြီးတော့ နေလာခဲ့ရတယ်။

နောက်ဆုံးကုန်ကုန်ပြောရရင် အဘတို့က ပေါက်တူးနဲ့ လက်နဲ့က မပြတ်ဘူး။ ရေတက်လာလိုက်အပေါက်ပိတ်လိုက်နဲ့ ကျိုးလိုက်ပိတ်လိုက်နဲ့ အဲဒီလိိုဒုက္ခတွေနဲ့ လုပ်လာခဲ့ရတယ်”ဟု ဦးတင်အောင်က ဆက်ပြောသည်။

ငါးဖမ်းလုပ်ငန်းသည် ကမ်းရိုးတန်းနေ ဒေသခံများ၏ အခြားသောဝင်ငွေအခွင့်အလမ်းတစ်ခုဖြစ်နေသော်လည်း လယ်ယာမြေဆုံးရှုံးပြီးနောက်တွင် ဒေသခံများအနေဖြင့် ငါးဖမ်းလုပ်ငန်းကို ပိုမိုဦးတည်လာခဲ့ကြပြီး ယင်းငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်မှု များပြားလာသည့်အတွက် ငါးဖမ်းမှု အလွန်အကျွံဖြစ်ပေါ်ခဲ့သည်။

“နဂိုတုန်းက ဘာလုပ်လဲဆိုတော့ ဘာမှမလုပ်ဘူး။ ပင်လယ်ထဲမှာ ပိုက်လိုက်ပစ်စားတာ မရလို့ ကဏန်းဖမ်း ထောင်တယ်။ သားသမီး ၄ ယောက်ရှိတယ်၊ လယ် ၁၀ ဧက ရှိတယ်။ ကုန်သွားပြီး၊ ရွာတောင်ကုန်သွားမှတော့ လယ်က ကုန်ပြီးပေါ့ ၊အခြားအလုပ်က ဘာအလုပ်မှ မရှိတာ”ဟု ကဏန်းဖမ်းလုပ်ကိုင်နေသူ ဒေသခံ ဦးလှဝင်းက ပြောသည်။

“ဟိုမှာက ကမ်းနားထွက်သွားရင် တစ်နေ့ဆို ၄ ထောင် ၅ ထောင်ဝင်သေးတယ်။ ဒီမှာက ဘာမှမဝင်ဘူး။ ဒီမှာက ဗြောင်ငတ်တယ်။ ဟိုမှာခက်ခဲတယ်ဆိုတာက ကဏန်းသွားကောက်တယ်ဆိုတာက ၅ ထောင် တစ်သောင်းရသေးတယ်။ ဒီမှာဘာမှ မလုပ်ရတော့ဘာမှမရဘူး” ဟု မမောက်ကျေးရွာဒေသခံ ဒေါ်မြကျင်က ပြောသည်။

ကဏန်းဖမ်းလုပ်ငန်းသည် ဒေသခံများအတွက် ဝင်ငွေအခွင့်အလမ်းတစ်ခုဖြစ်နေသော်လည်း ယင်းလုပ်ငန်းမှာ မိုးရာသီတွင်သာ လုပ်ကိုင်ရသည့်အတွက်ကျန်ရှိနေသည့်အချိန်ကာလမှာ ဒေသခံများကအလုပ်အကိုင်အခက်အခဲဖြစ်နေကြသည်။

“မငတ်အောင်တော့ လုပ်နေရတာပေါ့။ အရှက်မရှိသလိုပေါ့၊ ထင်းလည်း ရွက်ရောင်းပေါ့၊ ရွက်ရောင်းတယ်လေ အဖွားက မကြောက်ဘူး”ဟုဒေါ်မြကျင်က ဆက်ပြောသည်။

မိသားစုအများအပြားက ဆင်းရဲနွမ်းပါးမှုဒဏ်ကို ခံနေကြရပြီး ဝင်ငွေနည်းပါးမှု လက်ရှိကြုံတွေ့နေရသည့် ပြဿနာအားလုံးက ဖြေရှင်းနိုင်ခြင်း မရှိသေးသည့်အပြင်သောက်သုံးရေရရှိရန်အတွက်ကိုလည်း အခက်အခဲတစ်ခုဖြစ်နေကြသည်။

“လက်ရှိအချိန်မှာ မိုးတွင်းကာလဆိုတော့ မိုးရွာလာရင် လှောင်အိုးတွေမှာ ရေတွေလှောင်ပေါ့၊ သောက်ရေလည်း ဒါပဲ၊ သုံးရေလည်း ဒါပဲ၊ မိုးပြတ်သွားတဲ့အခါကျရင်ရေသုံးရတာ အခက်အခဲတော်တော်ဖြစ်မယ်လို့ အောက်မေ့တယ်။ လက်ရှိကန်ထဲမှာလည်း ရေငန်ဝင်ထားတော့ သုံးလို့မရ
ဘူး” ဟု အရိုးပုံကျေးရွာဒေသခံ ဒေါ်မာအေးက ပြောသည်။

ကမ်းပါးပြိုကျမှုကြောင့် ယာယီပြောင်းရွှေ့နေထိုင်နေရသောကြောင့် သောက်သုံးရေသိုလှောင်ရန်အတွက် အခက်အခဲဖြစ်နေပြီး ရေကန်တူးဖော်သည့်အခါတွင်လည်း ကုန်ကျစရိတ်များပြားလွန်ကြောင်း ဒေသခံများကပြောသည်။

ရေကန်တူးဖော်သည့်အခါတွင်လည်းဆားငန်ရေထိုးဖောက်မှုဒဏ်ကိုလည်း စိုးရိမ်နေရသောကြောင့် တူးဖော်ထားသည့်ရေကန်အများစုက မိုးရေသိုလှောင်မှုကိုသာ အားကိုးနေကြသည်။

အဆိုပါဒေသသည် ကမ်းပါးပြိုကျမှုကို မရပ်တန့်နိုင်သည့်အတွက် ကုန်ကျစရိတ်များသော ရေကန်တူးဖော်မှုကိို အခက်အခဲတစ်ခုအဖြစ်ရှိနေကြပြန်သည်။ ထို့ကြောင့် မုတ္တမပင်လယ်ကွေ့စီမံချက်များက ရွှေ့ပြောင်းလွယ်ကူသည့် ယာယီရေကန်များကိုသာ ဆောက်လုပ်ပေးလျက်ရှိသည်

နွေရာသီကာလတွင် သောက်သုံးရေများကို ဝယ်ယူသုံးစွဲနေကြရပြီး ငွေကြေးချို့တဲ့သည့်မိသားစုဝင်များ အတွက်သောက်သုံးရေဝယ်ယူသုံးစွဲရန်အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည်။

“သောက်သုံးရေက နွေကျရင် ဝယ်ယူရတာပေါ့၊ စဉ့်အိုးတစ်လုံးက်ုိ တစ်ထောင်ပေးရတယ်။ ရေကတော့ငန်တာပေါ့၊ သုံးလို့မရဘူး။ အဓိကတော့ ရေကောင်းဖို့အရေးကြီးတာပေါ့၊ ရေကောင်းမှ ဒီကလေးတွေ ဒုက္ခမရောက်ဘူးလေ၊ ရေက ပေးကောင်းစေချင်တာပေါ့၊ ရေကောင်းကောင်း
မွန်မွန်နဲ့ သောက်ချင်တာပေါ့၊ နွေကျတော့ အလုပ်ကမရှိ အကိုင်ကမရှိနဲ့ ပိုက်ဆံတွေဘာတွေလည်း အခက်ကြုံကြတယ်။ အခုလည်းအခက်အခဲကြုံတာပဲ”ဟု မမောက်ကျေးရွာဒေသခံ ဒေါ်ကျင်မြက ပြောသည်။

ဒေသခံများ နားမကျန်းမှုဖြစ်ပေါ်လာသည့်အခါ ရွာရှိ ဆိုင်များတွင် ဆေးဝယ်ယူပြီး သောက်သုံးနေကာ ဒေသခံများအတွက် ကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုရရှိခဲ့ခြင်းမရှိပေ၊“ရှိတဲ့လူကြတော့ ဆေးထိုးပေါ့။ မရှိတဲ့လူတွေအတွက်ကတော့ ဘေးကနေပြီးတော့ ဆေးတွေ ဘာတွေဝယ်ပြီးတော့ သောက်ရတာပေါ့၊ အခုလည်း ဖျားနေကြတယ်။ကလေးတွေရော လူကြီးတွေရော မရှိတဲ့လူကလည်း မရှိကြဘူးပေါ့ကွယ်၊ ဒုက္ခတွေ ရောက်ကြတယ်” ဟု ဒေါ်ကျင်မြက ပြောသည်။

ထို့ပြင် ကမ်းပါးပြိုကျမှုကြောင့် ကျေးရွာများ ပင်လယ်ထဲသို့ ပျောက်ကွယ်သွားကာ ဒေသခံကလေးများအတွက် ပညာရေးလည်း အခက်အခဲကြုံတွေ့နေရသည်။

လက်ရှိပြောင်းရွှေ့နေထိုင်ကြသည့်နေရာတွင် ကလေးများ ပညာရေးအတွက် ဒေသခံများက ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကျောင်းဆောင်များ ဆောက်လုပ်ထားပါသော်လည်း လုံလောက်မှုမရှိသည့်အတွက် ကျောင်းသူ၊ ကျောင်းသားများက စာသင်ချိန်အပြည့်အဝမရရှိခဲ့ပေ။

“ဆရာအင်အားလုံလောက်မှုမရှိပါဘူး၊ ကျွန်မတို့ ကျောင်းကတကယ်တမ်းဖွဲ့စည်းပုံအရဆိုရင် ဆရာအင်အား ၂၃ ယောက်ရှိရမယ့်ကျောင်းပါ၊ အခုက ၁၁ ယောက်နဲ့ လှုပ်ရှားနေရယ်။ အဲဒီတော့ စာသင်ကြားတဲ့အခါမှာ ဆရာ၊ ဆရာမတွေ ဖြန့်ပြီးသင်နေရတယ်” ဟု ကံတော်ကျေးရွာ အလယ်တန်းပြ ဆရာမ ဒေါ်မွန်မွန်မြင့်က ပြောသည်။

ကမ်းပါးပြိုကျမှုကြောင့် မမောက်ကျေးရွာသည် အုပ်စု (၄) စုကွဲကာလက်ရှိအချိန်တွင် ဒေသခံကလေးများပညာရေးအတွက် ကျောင်းဆောင်များလိုအပ်နေသည့်အပြင် ကမ်းပြိုဒေသရှိ ကျောင်းတိုင်းတွင်လည်း ဆရာ၊ ဆရာမ လုံလောက်မှုမရှိသောကြောင့် ကလေးများ ပညာရေးအတွက် အခက်အခဲပို၍ ဖြစ်ပေါ်စေခဲ့သည်။

“မလုံလောက်တော့ ဘေးက ငှားသင်တဲ့အခါကျတော့ ဆရာ ဆရာမတွေကအစ လစာပေးပြီး ငှားနေရတော့ တစ်အိမ်ထောင်ကို တစ်လဆို တစ်ထောင်ပေးနေရတယ်။ ဒီလိုပေးနေရတော့ လက်လုပ်လက်စား သမားတွေရဲ့ဘဝက တွက်ကြည့်ပေါ့၊ ကျောင်းသားလစာရယ်၊ ကလေးမုန့်ဖိုးရယ်၊ ကျောင်းစရိတ်ရယ်ဆိုတော့ ဘယ်လိုမှ အဆင်မပြေဘူး။ ဟိုမှာတုန်းကသူကျောင်းနဲ့သူ သူ့လုပ်ငန်းနဲ့ သူဆိုတော့ အဆင်ပြေကြတယ်။ ကျောင်းကအစ ဒီလိုမျိုးလစာတွေလည်း မပေးရဘူး” ဟု မမောက်ကျေးရွာဒေသခံ ကိုဖြူဇော်က ပြောသည်။

ယင်းဒေသတွင် ကမ်းပါးပြိုကျမှုဖြစ်ပေါ်ခဲ့သောကြောင့်စားဝတ်နေရေးအခက်အခဲဖြစ်သည့်အတွက် ကျောင်းသူ၊ ကျောင်းသား ၉၀ ရာခိုင်နှုန်းခန့်က ပညာဆုံးခန်းတိုင်အောင် သင်ကြားခွင့်ရရှိခြင်းမရှိကြောင်းလက်ရှိအချိန်တွင် အဆိုပါဒေသမှာ စားဝတ်နေရေးအတွက်အဓိက
အချက်တစ်ခုဖြစ်လာသောကြောင့် ကလေးများကို စာဖတ်တတ်ရုံမျှသာထားပြီး ကျောင်းထွက် အလုပ်လုပ်နေရကြောင်း ၎င်းင်းက ဆိုသည်။

“ကလေးတွေက လုပ်ငန်းငှားစားပေါ့၊ မရှိတော့ သူများဆီမှာ လယ်ငှားစားပေါ့၊ လနဲ့ငှားစားပေါ့၊ အဲဒါပြီးရင် ကဏန်းလေးတွေ လိုက်ချိတ်စားတာပေါ့၊ အခုက စပါးလည်း ရိတ်ပြီးပြီဆိုတော့ အလုပ်တွေ အကိုင်တွေက မရှိကြတော့ဘူး။ အခက်အခဲတွေ ဖြစ်တာပေါ့၊ အလုပ်ရမှ စားရမယ်။
အလုပ်မရရင် စားဖို့အတွက် အဆင်မပြေဘူး”ဟု မမောက်ကျေးရွာဒေသခံဒေါ်မိုးသူက ပြောသည်။

၂၀၁၈ ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ၁၀ မိုင်ရှည်လျားသည့် မြေတားတမံတစ်ခု တည်ဆောက်ခဲ့ပြီး ကမ်းပါးပြိုကျ၍ ရွှေ့ပြောင်းဒေသခံအများစုက မြေတားတမံတစ်လျှောက်တွင် ယာယီအဖြစ်နေထိုင်နေကြသည်။

“ကမ်းပြိုလို့ အခုချိန်ထိ တာပေါ်မှာပဲနေတယ်။ နှစ်နဲ့ပြောရရင် တစ်နှစ်ခွဲရှိနေပြီး လက်ရှိမြို့နယ်ဆီကနေ ခွင့်တောင်းချက်နဲ့ နေတယ်။ ကိုယ်ပိုင်ခြံမြေကွက်တွေ မရှိသေးဘူး။ ဒီမှာနေရတာကိုယ်ပိိုင်မဟုတ်တဲ့အတွက် အခက်အခဲရှိတယ်။ လမ်းမှာနေရတော့ပြောဆိုတာလည်း ရှိတယ်။ ထိပ်တိုက်တွေ့တာလည်းရှိတယ်။ ဒါပေမဲ့ နေစရာမရှိတော့ သည်းခံပြီးနေရတာပေါ့”ဟုဇာဖြူစုကျေးရွာအုပ်ချုပ်ရေးမှူးဦးစိုးအောင်က ပြောသည်။

ပုစ္ဆာများနှင့် ပင်လယ်ကွေ့ ပြသနာ

မုတ္တမပင်လယ်ကွေ့စီမံချက်ကို ၂၀၁၅ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး ကမ်းရိုးတန်းဒေသရှိဒေသခံများအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ဖန်တီးပေးသကဲ့သို့ သဘာဝပတ်ဝန်းကျင် ဂေဟစနစ်သည်လည်း ကာကွယ်ထိန်းသိမ်းသည့် လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေလျက်ရှိသည်။

လက်ရှိကြုံတွေ့နေရသည့် စစ်တောင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျနေသည့်ပြဿနာအကြောင်း အရင်းများကို နားလည်သဘောပေါက်နိုင်စေရန် မုတ္တမပင်လယ်ကွေ့စီမံချက်အနေဖြင့် ကမ်းပါးပြိုကျမှုကျွမ်းကျင်သည့်ပညာရှင်များကို ဖိတ်ခေါ်ပြီး လေ့လာမှုတစ်ရပ်ပြုလုပ်
ခဲ့သည်။

“ဒီဒေသမှာ သဘာဝအလျောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကမ္ဘာပေါ်မှာ အလွန်ထူးခြားတဲ့ ဒေသတစ်ခုပါ။ ကျွန်တော်တို့ တွေ့ရှိချက်အနေနဲ့ကမ်းပါးပြိုမှုဟာ ဒီရေလမ်းကြောင်းကြောင့်ဖြစ်တယ်။ ဒီရေလမ်းကြောင်းဟာ နက်စောက်တဲ့ ဒီရေစီးကြောင်း ရေတက်ရေကျနဲ့ မြစ်ရေစီးဆင်းမှု ရွှေ့ပြောင်း သွားလာမှုတွေ ဖြစ်ပေါ်စေတယ်။ ဒါကြောင့် လူတွေကြောင့်မဟုတ်ပါဘူး။ ရာသီဥတုပြောင်းလဲမှုအပေါ်မှာလည်း မဟုတ်ပါဘူး။ ဒီဖြစ်ရပ်ဟာ ဒေသခံတွေက ရာစုနှစ်ပေါင်းများစွာ သူတို့သိပြီးသားပါ။ ဒီရေလမ်းကြောင်းရွေ့လျားမှုကြောင့် မြေတွေ ဆုံးရှုံးသလို အခြားနေရာတွေမှာ မြေအသစ်တွေလည်း ဖန်တီးပေးခဲ့တယ်”ဟု Director International Water and Environment Arcadis Consultancy Rob Steijn က ပြောသည်။

ကမ်းပါးပြိုကျမှုနှင့် သောင်ထွန်းမြေပြန်လည်ဖြစ်ပေါ်မှုသည် ယခင်ကတည်းက ဖြစ်နေသည့် ဖြစ်ရိုးဖြစ်စဉ် တစ်ခုဖြစ်ပြီးကမ်းရိုးတန်းဒေသနေ ဒေသခံပြည်သူများကလည်း ယင်းဖြစ်စဉ်များကိုသိရှိထားပြီးသားဖြစ်သည်။

လက်ရှိတည်ဆောက်ထားသော မြေတားတမံသည် ကမ်းပါးပြိုကျနိုင်မည့် ဇုန်ဧရိယာထဲတွင် တည်ရှိနေပြီး ယင်းတမံသည် ရေကြီးမှုကို ကာကွယ်ပေးနိုင်သော်လည်း ကမ်းပါးပြိုကျမှုကို ကာကွယ်ပေးနိုင်ခြင်း မရှိပေ။

ကမ်းပါးပြိုကျနိုင်မည့်ဒေသတွင် မည်သည့်အဆောက်အအုံမဆိုဆောက်လုပ်ခြင်းသည် မြစ်ရေစီးကြောင်းနှင့် ကမ်းပါးပြိုကျမှုကို တားဆီးနိုင်ခြင်း မရှိကြောင်း သိပ္ပံပညာရှင်များက ပြောဆိုထားသည်။

“ကမ်းပါးပြိုကျမှုကို ရပ်တန့်ဖို့အတွက် ကြိုးပမ်းအားထုတ်မှုတွေ မတွေ့ရှိနိုင်သေးဘူး။ အကယ်၍ ကမ်းပါးပြိုကျမှုကိုရပ်တန့်အောင်လုပ်မယ်ဆိုရင် အလွန်ကုန်ကျများတဲ့အဆောက်အဦတွေ တည်ဆောက်မှပဲ၊ ဒါကိုတည်ဆောက်ဖို့အတွက် လက်ရှိအခြေအနေကို ပြန်ကြည့်ရင် အလွန်ခက်ခဲတဲ့လုပ်ငန်းစဉ်ဖြစ်တယ်။ သဘာဝရဲ့ရိုက်ခတ်မှုတွေ အန္တရာယ်ဖြစ်နိုင်သလို ဒီလိုကုန်ကျမှုများလွန်းတဲ့ အရင်းအနှီးတွေလည်း မသုံးသင့်ပါဘူး”ဟု ဟု Director International Water and Environment Arcadis ConsultancyRob Steijn က ပြောသည်။

၂၀၁၆ ခုနှစ်တွင် စစ်တောင်းမြစ်ရေတိုက်စားမှုကြောင့် ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်နှင့် သနပ်ပင်မြို့နယ် တို့တွင် ဒေသခံတို့၏ အိမ်များနှင့်လယ်ယာမြေများ ဆုံးရှုံးခဲ့ရသည့်အပြင်အခြားလုပ်ငန်းအခွင့်အလမ်းများလည်း နည်းပါးလာကာ ဝင်ငွေအခွင့်အလမ်းရရှိမှုများကိုအခက်အခဲကြုံ
နေကြသည်။ ဝင်ငွေရရှိမှုနည်းပါးလာသည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့်အတူ ပညာရေးအခွင့်အလမ်းများအတွက်လည်း ဂယက်ရိုက်လာခဲ့သည်။

ယင်းကမ်းပါးပြိုကျမှုဖြစ်ရပ်များသည် အစိုးရအဖွဲ့နှင့်အခြားသော NGOအဖွဲ့အစည်းများက မုတ္တမပင်လယ်ကွေ့ဒေသနေ ကမ်းပါးပြိုကျမှုဒဏ်ခံနေရသည့် ဒေသခံပြည်သူများ ရှေ့ရေးအတွက် မည်သို့မည်ပုံကိုင် တွယ်ကူညီဖြေရှင်းပေးနိုင်မလဲ၊ တစ်ချိန်တည်းမှာပင်ရေတိမ်ဒေသဂေဟစနစ်ကိုလည်း မပျောက်ကွယ်စေရန် မည်သို့ မည်ပုံ ထိန်းသိမ်းကာကွယ်သွားမလဲ ဆိုတာကိုမေးခွန်းထုတ်စရာတစ်ခုဖြစ်လာသည်။မုတ္တမပင်လယ်ကွေ့သည် သဘာဝအလျှောက်ဖြစ်ပေါ်နေသည့်အကြောင်းအရင်းပေါ်တွင် ဖြစ်ပေါ်နေသည်ကိုနားလည်သဘောပေါက်ရန် လိုအပ်နေသည်။

“ဒီသဘာဝဖြစ်စဉ်အပေါ်မှာ ကျွန်တော်တို့ အဆင်ပြေသလို နေထိုင်ရပါ့မယ်။ ဒီဒေသခံတွေအနေနဲ့ ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်အပေါ်မှာ နေထို်င်တတ်ဖို့တော့ လိုပါတယ်။ ပြောင်းရွှေ့လွယ်တဲ့အဆောက်အဦတွေ ရေကန်တွေ လိုအပ်တဲ့အခါ ပြောင်းရွှေ့လွယ်အောင် လုပ်ဖို့ လိုအပ်ပါတယ်”ဟု Director International Water and Environment Arcadis ConsultancyRob Steijn က ပြောသည်။

အောင်မြတ်

Advertisements
<

Leave a Reply