မော်လမြိုင်၊ နိုဝင်ဘာ ၂၂

မုတ္တမ ပင်လယ်ကွေ့ အတွင်း နေထိုင် ကျက်စားနေသည့် ကဏန်း ကောင်ရေများ မျိုးတုံးမှု ဒဏ်မှ ကာကွယ် နိုင်ရန်နှင့် ကဏန်း ကောင်ရေ တိုးပွားလာရန် အတွက် သထုံ မြို့နယ် တွင်းရှိ သထုံ ရေပိုင်နက်အား ငါးလုပ်ငန်း စုပေါင်း စီမံ ခန့်ခွဲမှု ဇုန်အဖြစ် သတ်မှတ်ကာ ယင်းဧရိ အတွင်း ကျရောက်နေသည့် ဧက ၅၀၀ ရှိ ကွျှန်းအားလည်း ဂဏန်း ထိန်းသိမ်းရေး ဇုန်အဖြစ် နိုဝင်ဘာ (၂၁) ရက်နေ့က သတ်မှတ် လိုက်သည်။

ဘီးလင်းချောင်းမှ သထုံမြို့နယ်ပိုင် ဒီဇယ်လျှို အတွင်း ငါးလုပ်ငန်း စုပေါင်း စီမံခန့်ခွဲမှု ဇုန်အဖြစ် သတ်မှတ် ထားပြီး ယင်းဧရိယာ အတွင်းရှိ ဧက (၅၀၀) ကျယ် ကွျှန်းအား ကဏန်း ထိန်းသိမ်းရေး ဇုန်အဖြစ် ထပ်မံ၍ သတ်မှတ် လိုက်ခြင်း ဖြစ်သည်။

ထိုငါးလုပ်ငန်း စုပေါင်း စီမံ ခန့်ခွဲရေးဇုန် သတ်မှတ်ခြင်း အခမ်းအနားသို့ ပြည်နယ် အစိုးရ အဖွဲ့မှ ဝန်ကြီးများနှင့် လွှတ်တော် တာဝန် ရှိသူများ တက်ရောက် ခဲ့ပြီး ငါးသယံဇာတ ပိုမိုပေါများ လာစေရန် ရည်ရွယ်၍ ယခု ကဲ့သို့ သတ်မှတ်ခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများက ရှင်းလင်း တင်ပြ ခဲ့သည်။

“အကုန်လုံးကို ပေးမဖမ်းတာ မဟုတ်ဘူး။ ဖမ်းသင့်တယ်၊ အရွယ်ရောက်ရင် ပေးဖမ်းမယ်။ ဂဏန်း အသေးတွေ ဖမ်းလို့ တွေ့ရင်တော့ ဥပဒေအရ ဆောင်ရွက်မယ်” ဟု သထုံခရိုင် ရေလုပ်သား ဖွံ့ဖြိုးရေး အဖွဲ့ ဥက္ကဌ ဦးမြင့်ဦးက ပြောဆိုသည်။
အဆိုပါ ကဏန်း ထိန်းသိမ်းရေး ဇုန်တွင် အလေးချိန် ၁၀၀ ဂရမ်အောက် ကဏန်း များကို ဖမ်းဆီးခွင့် ပြုမည်မဟုတ်ဘဲ အရွယ် အစားကြီးသည့် ဂဏန်း များကိုသာ ဖမ်းဆီး ခွင့်ပြု မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခင် ကာလ များ၍ ရေလုပ်သားများသည် တစ်လက်မအောက် ပိုက်ကွက် များဖြင့် ငါးများအား ဖမ်းဆီး ခဲ့သည့် အတွက် ငါးသယံဇာတ ရှားပါး လာခြင်းကြောင့် ထိုသို့ ဖမ်းဆီးခြင်းကို ငါးလုပ်ငန်း ဥပဒေ အရ အရေးယူ နိုင်ရန် အတွက် ရေလုပ်သား လုပ်ငန်းစု၊ ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနနှင့် မုတ္တမ ပင်လယ်ကွေ့ ဒေသ၊ ရပ်ရွာ အခြေပြု ကမ်းရိုးတန်း စီမံ ခန့်ခွဲမှု စီမံချက်တို့ ပူးပေါင်း၍ စောင့်ကြည့် သွားမည် ဖြစ်ကြောင်း စီမံကိန်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“အဓိကကတော့ သထုံမြို့နယ်မှာ သံဇကာပိုက် (တစ်လက်မအောက် ပိုက်ကွက်တွေ) နဲ့ ငါးဖမ်း တာတွေ ရှိတယ်။ ငါးသယံဇာတ တွေက ကြီးသင့်သလောက် မကြီးပဲနဲ့ မျိုးသုဉ်းလာတယ်။ နောင်ကို ဒီလို မဖြစ်ဖို့ အတွက် ကျွန်တော်တို့က ငါးလုပ်ငန်း စုပေါင်း စီမံခန့်ခွဲရေး ဇုန်ကို သတ်မှတ်လိုက်ခြင်း ဖြစ်တယ်” ဟု မုတ္တမ ပင်လယ်ကွေ့ ဒေသ၊ ရပ်ရွာ အခြေပြု ကမ်းရိုးတန်း စီမံ ခန့်ခွဲမှု စီမံကိန်း၏ ဆက်သွယ်ရေး အရာရှိ မင်းဉာဏ်စိုက်က ပြောသည်။

ယခင်က ထိုဒေသများ၌ ကဏန်း ကောင်ငယ် များကို ဖမ်းဆီးပြီး တင်ပို့ခြင်း များကြောင့် ကဏန်း ရှားပါး လာကာ ထိုဂဏန်း များကိုပင် အိမ်နီးချင်း နိုင်ငံများက မွေးမြူ၍ တစ်ဆင့် မြန်မာနိုင်ငံသို့ တင်ပို့ ရောင်းချ နေသဖြင့် နိုင်ငံတော် အတွက် နစ်နာမှု ရှိနေကြောင်း ၎င်းက ထပ်လောင်း ပြောသည်။

ရေသယံဇာတများ ကျက်စား နေထိုင် နိုင်ရန် အတွက်လည်း ထိုငါးလုပ်ငန်း စုပေါင်း စီမံခန့်ခွဲရေးဇုန် သတ်မှတ်သည့် နိုဝင်ဘာ ၂၁ ရက်နေ့၌ပင် ဒီရေတော အပင် (၃၀၀) အား ၉ ပေ ပတ်လည် စနစ်ဖြင့် ဂဏန်းကွျှန်းပေါ်တွင် စိုက်ပျိုးခဲ့ပြီး ထိုဧရိယာ ဧက ၅၀၀ အား နောင်လာမည့် ၄ နှစ် အတွင်း ဒီရေတောများ အပြည့် စိုက်ပျိုး သွားမည်ရန်လည်း စီစဉ် ထားသည်။

Written by – ရင်ငြိမ်းချမ်း

ဓါတ်ပုံ – Costal Living

Leave a Reply