“မုဒိမ်းမှုကျူးလွန်ရင်ပဲ နှစ် ၂၀ ဆိုရင် လူပါသတ်လိုက်တဲ့အတွက် သူလည်း သေစား သေစေပေါ့ သူ့လည်းသေရမယ်”

မွန်ပြည်နယ်တွင် ဆင်းရဲသားပြည်သူများအတွက် ကျန်းမားရေးစောင့်ရှောက်မှုများ သက်ငယ်မုဒိမ်းမှုများ၊ အမျိုးသမီးနှင့် ကလေးသူငယ်များ အကြမ်းဖက်မှုဖြစ်ပေါ်နေမှုများနှင့် ပတ်သက်၍ မေတ္တာဆုံဆည်းအဖွဲ့ မော်လမြိုင်ခရိုင်တာဝန်ခံ ဦးသက်ထွန်းနှင့် သွားရောက်တွေ့ဆုံမေးမြန်းချက်များကို ဟင်္သာမီဒီယာမှ ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်း (မေတ္တာဆုံဆည်း )မော်လမြိုင်ခရိုင်တာဝန်ခံ ဦးသက်ထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း

 

ဟင်္သာမီဒီယာ ။ ။ အစ်ကိုအနေနဲ့ ဘယ်လိုကိစ္စမျိုးတွေကို အရပ်ဘက်အဖွဲ့စည်းမှာ လုပ်ဆောင်ပေးနေလဲဆို ပြောပြပေးပါ။

ဦးသက်ထွန်း ။ ။ ကျွန်တော်အဖွဲ့ကတော့ အချက် ၃ ချက်ကို လုပ်ဆောင်ပေးပါတယ်။ ကျန်းမားရေးအရ အထူးပြုစုစောင့်ရှောက်ဖို့ လိုအပ်နေတဲ့ HIV –AIDS ရောဂါဝေဒနာရှင်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ဆင်းရဲနွမ်းပါးတဲ့သူတွေကို ဆေးဝါးကုသမှုတွေ ခံယူနိုင်အောင် ကျန်မားရေးစောင့်ရှောက်မှုတွေကို လုပ်ဆောင်ပေးပါတယ်။
အခုလိုလုပ်ဆောင်ပေးနိုင်ဖို့ကလည်း ကျွန်တော်အဖွဲ့ရဲ့ ရန်ပုံငွေတစ်ခုဖြစ်တဲ့ ဌာနဆိုင်ရာပြုလုပ်တဲ့ အခမ်းအနားတွေ၊ သင်တန်းတွေမှာ အစားအသောက်တွေကို ချက်ပြုတ်ပေးတဲ့ IT လုပ်ငန်းတစ်တော့ ရှိတယ်။ အဲဒီလိုလုပ်ငန်းက ဝင်ငွေတွေနဲ့လည်း သွားလာစရိတ်တွေကို အသုံးပြုတယ်။

ကျန်းမားရေးစောက်ရှောက်မှုအနေနဲ့ ကုသစရိတ်တွေကို အခမဲ့ရရှိဖို့ကတော့ အစိုးရအဖွဲ့အစည်းတွေရယ် မိတ်ဖက်အဖွဲ့အစည်းတွေရယ်၊ NGO အဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်ပေးပါတယ်။

နောက်တစ်ချက်က လူအခွင့်အရေးနဲ့ လူ့ဂုဏ်ကိက္ခာအတွက် ဥပဒေက အကာအကွယ်ပေးထားတာတွေရှိနေတယ်ဆိုတာ အများပြည်သူသိရှိနိုင်အောင် အဲဒီလိုအခွင့်အရေးတွေကို မခံစားရဘဲ ဆုံးရှုံးနေတဲ့သူတွေကို သူတို့တွေရဲ့ လူ့အခွင့်အရေးတွေ ပြန်လည်ရရှိအောင် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီးပေးတာတွေလုပ်ဆောင်ပေးပါတယ်။

ဟင်္သာမီဒီယာ ။ ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဆိုတာ ဘယ်လို ချိုးဖောက်မှုမျိုးတွေ နစ်နာမှုတွေရှိလာတဲ့ သူတွေကို အစ်ကိုတို့ အဖွဲ့အနေနဲ့ ဘယ်လိုနည်လမ်းတွေနဲ့ ကူညီဆောင်ရွက်ပေးခဲ့ပါသလဲ။

ဦးသက်ထွန်း ။ ။ သူတို့တွေအတွက် ဥပဒေအရ အကာအကွယ်ရမယ့် နည်းလမ်းတွေကို ရှာဖွေဖော်ထုတ်ပြီးတော့ လူ့အခွင့်အရေးအတွက် အကာအကွယ်ပေးမှုတွေကို ဆောင်ရွက်ပေးတယ်။

လူ့အခွင့်အရေးချိုးဖောက်ခံရမှုနဲ့ ပတ်သက်ပြီးတော့ ပြောရမယ်ဆိုရင် ဦးရေအတွက်နဲ့ ဆိုရင်အတော်များပါတယ်။ အဓိကပြောချင်တာက မတရားအစွပ်စွဲခံရတဲ့သူတွေ၊ အမှန်တကယ်ပြစ်မှုမကျူးလွန်တဲ့သူတွေရဲ့ အမှုတွေက ပိုများတယ်။ လူ့အခွင့်အရေးဆိုရင်လည်း မိမိတို့ရဲ့ ကိုယ်ပိုင်အခွင့်အရေး ဘယ်လောက်ရှိလဲ၊ ဘယ်လိုတွေရှိလဲဆိုတာကို အသိပညာပေးတဲ့ လုပ်ဆောင်မှုတွေလုပ်ပေးတာပေါ့။ ဥပမာ မဟုတ်မမှန်အစွပ်စွဲခံရပြီး အကျဉ်းကျခံနေရရင်လည်း သူရဲ့ မမှန်မကန်စွပ်စွဲခံရမှုကို သက်ဆိုင်ရာအာဏာပိုင်တွေ နဲ့ လွှတ်တော်တွေဆီကို ဒီဖြစ်စဉ်တွေရဲ့ အကြောင်းအချက်အလက်တွေကို တင်ပြပေးတယ်။

အမျိုးသမီးနဲ့ ကလေးသူငယ်တွေကို အကြမ်းဖက်ခံနေရမှုနဲ့ ပတ်သက်ပြီးတော့လည်း အကြမ်းဖက်ခံနေရတဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်တွေကို သူတို့လေးတွေရဲ့ ပုံမှန်လူမှုနေထိုင်ပုံစံမျိုး ပြန်လည်ရရှိအောင် ဥပဒေအရ သူတို့အခွင့်အရေးဘာတွေရှိလဲ၊ သူတို့အတွက် ဘယ်လိုအကာအကွယ်တွေရှိလည်းဆိုတာနဲ့ သူတို့တွေ အစော်ကားခံရရင်လည်း အဲဒီစော်ကားခံရမှုအတွက် ပြစ်မှုကျူးလွန်တဲ့ သူတွေကို ထိရောက်ပြစ်ဒဏ်ချမှတ်ခံစေရဖို့အတွက် ကျွန်တော်တို့အဖွဲ့က အခမဲ့လိုက်ပါဆောင်ရွက်ပေးမှုတွေကို ပြုလုပ်ပေးပါတယ်။

ကျန်းမားရေးစောင့်ရှောက်မှု လုပ်ငန်းတွေနဲ့ လူ့အခွင့်ရေးတွေလုပ်နေရင်းနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က မော်လမြိုင်တက္ကသိုလ်မှာ ထမင်းအကူချက်ပြုတ်လုပ်ကိုင်ပေးနေတဲ့ ကလေးသူငယ်နှိပ်စက်ခံခဲ့ရမှုကနေစပြီးတော့ အုပ်ချုပ်ရေးရုံးတွေ၊ ရဲစခန်းတွေ၊ ရှေ့နေအကျိုးဆောင်တွေ၊ တရားရုံးတွေ အစိုးရအဖွဲ့၊ လွှတ်တော်တွေဆီကို သွားရောက်ပေးပြီး ထိရောက်စွာအရေးယူဆောင်ရွက်ပေးဖို့နဲ့ အမျိုုးသမီးနဲ့ ကလေးသူငယ်တွေကို ကူညီစောင့်ရှောက်မှုတွေရအောင် ကြိုးစားဆောင်ရွက်ပေးခဲ့ပါတယ်။

သက်ငယ်မုဒိမ်းမှုတွေ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ အရမ်းကြီးဖြစ်ပေါ်နေတာကတော့ အတွက် ကျွန်တော်နိုင်ငံအတွက် မကောင်းဘူးလို့မြင်တယ်။ ကျွန်တော်က ဒီကလေးသူငယ်တွေကို နှောင်တစ်ခေတ်ရဲ့ သားကောင်းရတနာတွေအဖြစ်နဲ့ သတ်မှတ်ထားတာ။ သူ့တို့တွေကအစ အပြစ်ကင်းစင်တဲ့ဘဝမှာ အဆိုးဆုံးက လိင်အကြမ်းဖက်ခံရမှုပဲ။

သူတို့ရဲ့ ပန်းကောင်းအညွှန်ကျိူးခံရတဲ့ ဘဝဟာ ဒီကလေးတွေအတွက် နိုငိငံတော်ကရော အရပ်ဘက်အဖွဲ့အစည်းတွေအစ အာလုံးသော ပြည်သူတွေတိုင်း ပူးပေါင်းဆောင်ရွက်ပေးသင့်တယ်။ ဒါမှလည်း သူတို့လေးတွေရဲ့ ဘဝလုံခြုံမှုကို အကာအကွယ်ပေးနိုင်မှာ ဖြစ်တယ်။

ဟင်္သာမီဒီယာ ။ ။ အခုဆိုရင် သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်အဆင့်ထိ တိုင်ကြားနိုင်လို့ ထုတ်ပြန်ချက်တွေ ရှိလာတဲ့အပေါ်မှာရော အစ်ကိုအနေနဲ့ မြင်တဲ့အမြင်လေး ပြောပေးပါအုံး။

ဦးသက်ထွန်း ။ ။ သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်အဆင့်က လာရောက်တိုင်ကြားနိုင်တဲ့ ဆိုတဲ့ ထုတ်ပြန်ပေးထားတဲ့အတွက် အခုဆိုအရမ်းကောင်းပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် တစ်ချို့နေရာတွေ ကျွန်တော်နိုင်ငံမှာ အမြစ်တွယ်နေတဲ့ အာဏာပါဝါတန်ခိုးထုတ်သုံးမှ ရမယ်။

အာဏာပါဝါတစ်ခုခုထုတ်သုံးတဲ့နေရာမှာ အခုဒီကိစ္စတစ်ခုဖြစ်ပေါ်လာရင် နိုင်ငံတော်သမ္မတရုံးကို တိုင်ကြားနိုင်တယ်ဆိုတဲ့အခါကျတော့ တချို့ချို့တော့ သက်ငယ်မုဒိမ်းတွေမှာ မိန်းကလေးရဲ့အရှက်နဲ့ သိက္ခာကိုကြည့်ပြီးတော့ မတိုင်ကြားတာတွေက အရမ်းများတယ်။
နောက်ပြီးတော့ ရပ်ကွက်တွေအတွင်းမှာပဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ရာအိမ်မှူးတွေက ညှိနှိုင်းပေးနေတာတွေ များနေတယ်။ ဒီလိုကိစ္စတွေဖြစ်တာ ရွာနာတယ်ဆိုပြီး ညှိနှိုင်းလိုက်တဲ့အခါကျတော့ ပြစ်မှုကျူးလွန်တဲ့သူတွေက နောက်ထပ်ကျူးလွန်ဖို့အတွက် အခွင့်အရေးထပ်ပေးနေသလို ဖြစ်သွားတယ်။

အဲဒါကြောင့်မို့ အခုလိုနိုင်ငံတော်သမ္မတရုံးအထိတိုင်ကြားနိုင်တယ်ဆိုတော့ သူတို့တွေကအစ မညှိနှိုင်းပေးရဲတော့ဘူးပေါ့။ ဥပမာပေါ့ အိမ်မှာ သားသမီးဆိုလို့ရှိရင် နင့်အဖေကိုတိုင်လိုက်မယ်ဆိုလို့ရင် အဲဒီသားသမီးမဆိုးရဲတော့ဘူး။ အဲဒီသဘောပါပဲ။

ဟင်္သာမီဒီယာ ။ ။ လက်ရှိမွန်ပြည်နယ်မှာ သက်ငယ်မုဒိမ်းမှုတွေ ဘယ်လောက်ထိဖြစ်နေပြီးလဲ။ ကလေးသူငယ်တွေ အကြမ်းဖက်မှုမခံရစေအောင်ရော ဘယ်လိုတွေ လုပ်ဆောင်ဖို့လိုအပ်ဆိုတာ အကြံပြုပေးပါ။

ဦးသက်ထွန်း ။ ။ ဒီမွန်ပြည်နယ်ထဲမှာ ပြီးခဲ့တဲ့နှစ်ကဆိုရင် ကျွန်တော်ရှိခဲ့ရသလာက်ဆိုရင် တစ်လတည်းမှာပဲ သက်ငယ်မုဒိမ်းမှုရော မုဒိမ်းမှုရော ၇ မှုဖြစ်ပွားခဲ့တယ်။ အခုဒီ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ တစ်လထဲမှာဆိုရင် ၄ မှုဖြစ်ခဲ့တယ်။
မော်လမြိုင်မြို့ပေါ်မှာ သက်ဆိုင်ရာရဲတပ်ဖွဲ့စခန်း ငါးခုရှိတယ်။ စခန်း လေးခုမှာ သက်ငယ်မုဒိမ်းဖြစ်တယ်ဆိုတော့ တစ်စခန်းပဲကျန်တော့တယ်။ ကျွန်တော်တို့ ပြည်သူတွေရဲ့ အကာအကွယ်ဘယ်မှာလဲ။ အမျိုးသမီးနဲ့ ကလေးသူငယ်တွေရဲ့အကာအကွယ် ဘယ်မှာလဲဆိုပြီး မေးခွန်းထုတ်စရာတွေ ဖြစ်လာတယ်။

ဒီကလေးသူငယ်တွေ အကာအကွယ်ရဖို့အတွက် မိဘအုပ်ထိန်းသူတွေကိုယ်တိုင်ရော အရပ်ဘက်အဖွဲ့အစည်းတွေပါ ပူးပေါင်းပါဝင်မှသာလျှင် ဒီကလေးတွေ အကာအကွယ်ရလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ မော်လမြိုင်မြို့ပေါ်မှာ ကလေးသူငယ်တွေက အကာအကွယ်မဲ့နေသလိုခံစားနေရတယ်။

ကျွန်တော်တို့ဆီလာပြီး အကူအညီတောင်းတဲ့ သူတွေတိုင်းကိုတော့ လိုက်ပါပြီး ကူညီဆောင်ရွက်ပေးတယ်။ ကျွန်တော်အဖွဲ့ဆီကို လာအကူအညီတောင်းတာ တစ်လမှာဆိုရင် အနည်ဆုံး ၁၀ မှုလောက်တော့ရှိတယ်။ ကျွန်တော်တို့အဖွဲ့ဆီမှာ ခုဆိုရင် ကူညီစောင့်ရှောက်ပေးထားတဲ့ အကြမ်းဖက်မှုခံခဲ့ရတဲ့ အမျိုးသမီး ၁၂ ဦးရှိပါတယ်။

နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်လိုက်ပြီးနောက်ပိုင်းမှာတော့ ဌာနဆိုင်ရာတွေဆီကို သွားရောက်အကူအညီတောင်းခံတဲ့အပေါ်မှာ အမှုကိစ္စတွေလိုက်ပါဆောင်ရွက်ပေးရတဲ့အပေါ်မှာရော အများကြီး အဆင်ပြေမှုတွေ ရှိလာပါတယ်။

ဟင်္သာမီဒီယာ ။ ။ လက်ရှိဖြစ်ပေါ်နေတဲ့ သက်ငယ်မုဒိမ်းမှုတွေနဲ့ ပတ်သက်ပြီးတော့ အစ်ကိုအနေနဲ့ မြင်တဲ့ အမြင်လေးပြောပြပေးပါအုံး။

ဦးသက်ထွန်း ။ ။ ဒီမုဒိမ်းမှုဆိုတာကတော့ အယုတ်ညံဆုံးလို့ ပြောလို့ရတယ်။ ကျွန်တော်ဒီခေတ်ကြီးမှာ ဒီကိစ္စတစ်ခုကို ဖြေရှင်းဖို့ သွားလာလို့ရတဲ့နေရာတွေ အများကြီးရှိနေရဲ့သားနဲ့ ဒီကလေးသူငယ်တွေကိုပါ ကျူးလွန်တာကတော့ ဒါအရမ်းယုတ်ညံ့တာပေါ့။

ဟင်္သာမီဒီယာ ။ ။ အခုဆိုရင် သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်နေတာနဲ့ ပတ်သက်ပြီးတော့ကြားသိမှာပေါ့။ အဲဒီအပေါ်မှာ ပြောချင်စကားများရှိရင် ပြောပေးပါ။

ဦးသက်ထွန်း ။ ။ ကျွန်တော်အနေနဲ့ ပြောမယ်ဆိုရင် ဒီသက်ငယ်မုဒိမ်းမှုကျူးလွန်တဲ့သူတွေကို အနှစ် ၂၀ ပြစ်ဒဏ်ချမှတ်သင့်ပေမယ့် ပြစ်မှုကျူးလွန်ပြီးတော့ လူပါသတ်လိုက်တယ်ဆိုရင်တော့ အနှစ် ၂၀ နဲ့ မတန်ဘူး။ ဘာဖြစ်လို့လည်းဆိုရင် မုဒိမ်းမှုကျူးလွန်ရင်ပဲ နှစ် ၂၀ ဆိုရင် လူပါသတ်လိုက်တဲ့အတွက် သူလည်း သေစား သေစေပေါ့ သူ့လည်းသေရမယ်။

ဘာကြောင့်လဲဆိုတော့ မုဒိမ်းမှုပြုကျင့်တဲ့သူက သိနားလည်တဲ့သူကတောင်မှ ဒီလိုကျူးလွန်တယ်ဆိုရင် မသိနားမလည်တဲ့ ကလေးက ပြစ်မှုကိုမကျူးလွန်ဘဲနဲ့ အသေခံလိုက်ရတယ်။ လိင်ကိစ္စကို ကျူးလွန်ခံရတဲ့ကတောင် သေသွားခဲ့ရတယ်ဆိုရင် ကျူးလွန်လိုက်သူတော့ သေဒဏ်ပေးသင့်တယ်။

ကျွန်တော်အဖွဲ့ရဲ့ ခံယူချက်ကိုက “နစ်နာသူတွေကိုကူညီလို့ တရားမျှတမှုကို ဖော်ဆောင်စို့” ဆိုတဲ့ ဆောင်းပုဒ်အတိုင်းပဲ နစ်နာသူတွေကို ကူညီမယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေကလည်း အားလုံးပူးပေါင်းပေးဖို့ တောင်းဆိုချင်တယ်။ အဲဒါမှလည်း သက်ငယ်မုဒိမ်းမှုတွေအပြင် အခြားအကြမ်းဖက်မှုတွေပါ လျော့နည်းပပျောက်သွားမယ်လို့ ယုံကြည်ပါတယ်။

ဟင်္သာမီဒီယာ ။ ။ အစ်ကိုအနေနဲ့ ဖြည့်စွက်ပြီး ပြောချင်တဲ့ စကားများရှိရင် ပြောပြပေးပါအုံး။

ဦးသက်ထွန်း ။ ။ နောက်ဆုံးအနေနဲ့ ပြောချင်တာတစ်ခုကတော့ အဲဒီလိုအကြမ်းခံရတဲ့ အမျိုးသမီးနဲ့ ကလေးငယ်လေးတွေကို လိုက်လံကူညီရင်းပေးနဲ့ပဲ ကျွန်တော်ကိုယ်တိုင်တောင် ကိုယ့်ရဲ့အမျိုးသမီးနဲ့ သားသမီးတွေအပေါ် ကျူးလွန်နေသလို ခံစားနေရတယ်။ ဘာဖြစ်လို့လည်းဆိုရင် ကျွန်တော်ကိုယ်တိုင် လစ်လျူရှုထားသလို ဖြစ်နေလို့ပဲ။

တစ်ဖက်မှာကူညီဖို့ စိတ်တစ်ခုတည်းတဲ့ သွားနေတဲ့အခါကျတော့ တစ်ဖက်မှာ မိသားစုရဲ့ လိုအပ်တဲ့စရိတ် လိုအပ်တဲ့မိသားစု နွေးထွေးမှုအချိန်ကို မပေးနိုင်မိဘူး။ အဲဒီလိုမပေးနိုင်ခဲ့တဲ့အတွက် ကျွန်တော်ရဲ့ မိသားစုက ကျွန်တော်အပေါ် အမြင်တစ်မျိုးဖြစ်ကောင်း ဖြစ်နေလိမ့်မယ်။ အဲဒီအတွက် ဟိုဘက်ဒီဘက် ညီမျှအောင်လုပ်ရမှာပေါ့။
အခုဆိုရင် နစ်နာသူတွေကိုလည်း ကူညီပေးမယ်။ ကိုယ့်မိသားစုကိုလည်း ပစ်ထားလို့မရဘူးဆိုတဲ့ စိတ်က တစ်ဖြည်းဖြည်းနဲ့ ပြန်ဝင်လာပါပြီး။

Written by ခေတ်မင်း

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.