မွန်ပြည်နယ်၊ မုဒုံမြို့တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများလာရောက်လျက်ရှိသည့် မုဒုံကန်ကြီးပရဝဏ် ပတ်ပတ်လည်နှင့် ဂျံဴးဂျံဴးကျရေတံခွန်တို့တွင် အရက်သေစာသောက်စားခြင်းများ ပြုလုပ်ပါကဥပဒေနှင့်အညီအရေးယူမှု ပြုလုပ်သွားမည်ဖြစ်ကြောင်းမုဒုံမြို့မရဲစခန်းမှ ဒုရဲအုပ် စိုးမင်းအောင်ကဟင်္သာမီဒီယာသို့ ပြောကြားသည်။

jone-jone-jya

ထိုနေရာများတွင် လူငယ်အများစုကအရက်သေစာများဝိုင်းဖွဲ့သောက်စားမူးယစ်နေခြင်းသည် ဘုရားဖူးလာရောက်သူများနှင့် ကန်ကြီးရေကန် ပတ်လမ်းတွင် လမ်းလျှောက်သူများအတွက် အနှောင့်အယှက်များ ဖြစ်ပေါ်စေကြောင်းမုဒုံကန်ကြီးဂေါပကအဖွဲ့မှ ယာယီဥက္ကဋ္ဌ ဦးရွှေသိန်းကဆိုသည်။

မုဒုံကန်ကြီးနှင့် ဂျံဴးဂျံဴးကျ ရေတံခွန်တို့တွင် မကြာသေးမီကာလကရေနစ်သေဆုံးမှုများဖြစ်ပွားခဲ့ပြီးထိုရေနစ်သေဆုံးမှုများတွင် အရက်သေစာသောက်စားထားမှုများကိုစစ်ဆေးတွေ့ရှိရခြင်းအပေါ် ရဲတပ်ဖွဲ့အနေဖြင့် မူခင်းတစ်ခုမဖြစ်ပွားခင် ကြိုတင်ထိန်းသိမ်းမှုကို ပြုလုပ်နိုင်ရန်အတွက် အရက်သေစာသောက်စားခြင်းများကိုတားမြစ်နေရခြင်းဖြစ်ကြောင်းစိုးမင်းအောင်ကရှင်းပြသည်။

မုဒုံကန်ကြီးတွင် ဇူလိုင်လ ၂၇ ရက်နေ့ကသူငယ်ချင်းများရေဆင်းကူးရာမှ အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးရေနစ်သေဆုံးခဲ့ပြီး၊ သေဆုံးခဲ့သူမှာအရက်သေစာသောက်စားထားကြောင်း၎င်းက ဆိုသည်။
ဂျံဴးဂျံဴးကျ ရေတံခွန်တွင်လည်းဇူလိုင်လ ၂၁ ရက်နေ့ကအရက်သေစာသောက်စားထားသည့် အသက် ၄၂ အရွယ် အမျိုးသားတစ်ဦးသည် ရေနစ်သေဆုံးနေကြောင်း ၎င်းက ရှင်းပြသည်။

“သာသနာ့ နယ်မြေအတွင်းမှာသာသနာညိုးနွမ်းစေတဲ့ ပြုမူမှုတွေကိုထိထိရောက်ရောက် အရေးယူမယ်ဆိုတော့ အရမ်းကောင်းတာပေါ့”ဟုဦးရွှေသိန်းကဆိုသည်။

အရက်သေစာသောက်စားခြင်းမပြုရဆိုင်းဘုတ်များနှင့် အသိပေးပြီးနောက်ပိုင်းတွင် အရေးယူမှုပြုလုပ်နိုင်ရန် မုံဒုံကန်ကြီးဂေါပကအဖွဲ့နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

မုဒုံကန်ကြီးတွင် သီတင်းကျွတ်နှင့် တန်ခူးလသင်္ကြန်ပွဲတော်တို့တွင် ဘုရားပွဲတော်ကြီးကျင်းပလေ့ရှိရာကန်ကြီးပရဝဏ်အတွင်းလူငယ်များ အရက်သေစာသောက်စားကြသဖြင့် ဘုရားဖူးလာသူများအားအနှောင့်အယှက် ဖြစ်ပေါ်စေခြင်းကြောင့် ခေါ်ယူသတိပေးမှုများနှင့်ဒဏ်ငွေရိုက်ခြင်းများလည်း ပြုလုပ်ခဲ့ဖူးကြောင်း၎င်းက ရှင်းပြသည်။

Leave a Reply