မော်လမြိုင်၊ ဖေဖေါ်ဝါရီ ၁၆ ။ ။ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြို့မ (၄) ရပ်ကွက်၊ ကန်ကြီးရပ် နန္ဒာဝန်လမ်းရှိ ရာဘာပြားများခြောက်သွေ့စေရန် အသုံးပြုသော မှိုင်းခံရုံတစ်ရုံ အပူလွန်ကဲ၍ မီးလောင်ခဲ့ကြောင်း မော်လမြိုင်ခရိုင် မီးသတ်ဦးစီးဌာနမှ သိရ သည်။

အစေးခြစ်ပြီးသား ရာဘာပြားများ အခြောက်ခံရန် ဖွဲမီးဖြင့် အပူပေးရာမှ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့ ညနေ ၆ နာရီ အချိန်တွင် မီးလောင်ခဲ့ခြင်းဖြစ်သည်။

မီးလောင်ကျွမ်းမှုကြောင့် သွပ်မိုး၊ အုတ်ကာ မှိုင်းခံရုံတစ်ရုံနှင့် ရာဘာပြား ပေါင် ၁၂၀ ခန့် ဆုံးရှုံးခဲ့ပြီး မီးလောင်မှုကြောင့် ဒဏ်ရာရရှိသူမရှိကြောင်း မော်လမြိုင်ခရိုင် မီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မီးလောင်ကျွမ်းရာနေရာသို့ မီးသတ်ယာဉ်ရှစ်စီး၊ ရေသယ်ယာဉ် နှစ်စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ ညနေ ၆ နာရီ ၃၅ မိနစ်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ မီးကိုပေါ့ဆစွာ အသုံးပြုခဲ့သော ဦးချမ်းအေးအား မုဒုံမြို့မရဲစခန်းမှ (ပ) ၂၆/၂၀၁၆၊ ပြစ်မှုပုဒ်မ – ၂၈၅ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း မော်လမြိုင်ခရိုင် မီးသတ်ဦးစီး ဌာန မှတ်တမ်းအရ သိရသည်။

Leave a Reply