မုဒုံ၊ မတ် ၉ ။ ။ သက်ကြီးရွယ်အို ဘိုးဘွားများကို ရှေးဦးပြုစုနည်းများဖြင့် ကောင်းကောင်းမွန်မွန် စောင့်ရှောက်နိုင်ရန် မွန်ပြည်နယ်၊မုဒုံမြို့တွင် သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးဆင့်ပွားသင်တန်းကို မတ်လ ရ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သင်တန်းဖွင့်လှစ်သော မုဒုံမြို့ ဘိုးဘွားရိပ်သာထံမှ သိရသည်။

အဆိုပါသင်တန်းတွင် ဘိုးဘွားများကို စောင့်ရှောက်ရမည့် နည်းစနစ်များကို ရန်ကုန်မြို့တော်ရှိ၊ ကမ္ဘာအေးနှင့် ပါရမီလမ်းထောင့်ရှိ လူမှုထမ်းဦးစီဌာနမှ ဖွင့်လှစ်ထားသော နေပိုင်းစောင့်ရှောက်ရေး ဂေဟာမှ သင်တန်းဆင်း နှစ်ဦးက အပတ်စဉ် တနင်္လာနေ့တိုင်းသင်ကြားပေးမည်ဖြစ်ကြောင်း မုဒုံမြို့ဘိုးဘွားရိပ်သာ၏ တွဲဖက်အတွင်းရေးမှူး (၁)ဒေါ်အိအိစံက ပြောကြားသည်။

မုဒုံမြို့ ဘိုးဘွားရိပ်သာနှင့် မေတ္တာစံအိမ် သက်ကြီးရွယ်အို နေ့ပိုင်း စောင့်ရှောက်ရေး ဂေးဟာမှ ဝန်ထမ်းရှစ်ဦးကို အဓိကထား သင်ကြားမည်ဖြစ်သော်လည်း မည်သူမဆို အခမဲ့တက်ရောက် နိုင်ကြောင်း ၎င်းက ရှင်းပြသည်။

“ဘိုးဘွားရိပ်သာမှာ လုပ်မှ မဟုတ်ဘူး။ကိုယ့်ရဲ့အိမ်မှာရှိတဲ့ အဖိုးအဖွား ကိုယ့်အဖေအမေတွေ အသက်ကြီးလာလို့ရှိရင် ပြုစုလို့ ရရအောင် သူများအတွက်ထက် ကိုယ့်အတွက် ပိုရတာပေါ့”ဟု ဒေါ်အိအိစံက ဆိုသည်။

ထိုသို့ သင်တန်းဖွင့်လှစ်ခြင်းမှာကောင်းမွန်ပြီး မည်သို့ပြုစုစောင့်ရှောက်ရမည်ကို သိရှိခြင်းဖြင့် အားလပ်သောအချိန်များတွင် အိမ်ရှိဘိုးဘွားများကို ပြုစုပေးနိုင်မည်ဖြစ်ကြောင်း မုဒုံမြို့တွင်နေထိုင်သော ဒေါ်သိမ့်ရတနာဦးက ပြောဆိုသည်။

“သင်တန်းတက်တာပဲဖြစ်ဖြစ် လေ့လာသူအနေနဲဲ့့ပဲဖြစ်ဖြစ်ပေါ့ ကိုယ့်အိမ်မှာ ရှိတဲ့ အဖိုးအဖွားတွေကို တစ်နေ့တာမှာ သူတို့စောင့်ရှောက်သလို ကိုယ်လည်းစောင့်ရှောက်နိုင်မယ်”ဟု ၎င်းက ဆိုလေသည်။

မေလလယ်တွင် ပြီးဆုံးမည့် သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးဆင့်ပွားသင်တန်းတွင် သက်ကြီးရွယ်အိုများ ကို နားလည်ခြင်း၊ ဆက်ဆံခြင်း၊ နေ့စဉ်လှုပ်ရှားမှုများတွင်ကူညီခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အထောက်အကူပြုပစ္စည်းများကိုင်တွယ်ခြင်းတို့ပါဝင်မည်ဖြစ်ကြောင်း ဒေါ်အိအိစံက ထပ်လောင်းပြောကြားသည်။

ထို့ပြင် သက်ကြီးရွယ်အိုများနှင့် အာဟာရ၊ စိတ်ကျန်းမာရေး၊ တိုင်းရင်းဆေး၊ ကြက်ခြေနီဆိုင်ရာပြုစုနည်းတို့ကို ပါသင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလ ပြီးဆုံးချိန်တွင် စာမေးပွဲစစ်၍ အောင်လက်မှတ်ထုတ်ပေးမည် ဖြစ်ကြောင်း မုဒုံမြို့ ဘိုးဘွားရိပ်သာထံမှ သိရသည်။

မုဒုံမြို့တွင် သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး ဂေဟာ နှစ်ခုရှိပြီး ယင်းတို့မှာ ပုဂ္ဂလိကဂေဟာများသာ ဖြစ်ကြသည်။

Leave a Reply