မုဒုံမြို့နယ်၊ ကျောက်တစ်လုံး ဘုရားအနီး၊ မော်လမြိုင်-သံဖြူဇရပ် ကားလမ်းဘေးတွင် ရပ်ထားသော အဖြူရောင် မီနီဘတ်စ် ဟံသာစတားခရီးသည်တင် မှန်လုံယာဉ်အား မေ ၁၀ ရက်၊ မွန်းလွဲ ၂ နာရီက စစ်ဆေးရာ ယာဉ်မောင်းဖြစ်သူ ဦးလှသောင်းထံမှ စိတ်ကြွမူးယစ်းဆေးပြား ၄ဝဝဝ ကျော်ကို ဖမ်းဆီး ရရှိခဲ့ကြောင်း မုဒုံမြို့မရဲစခန်းမှတ်တမ်းမှ သိရသည်။

ဦးလှသောင်းကို စစ်ဆေးရာတွင် ၎င်းလွယ်ထားသည့် SUNNY စာတမ်းပါ ပြောက်ကျားအိတ်အတွင်းရှိ ပလပ်စတစ် အိတ်အမဲအတွင်း၌ အပြာရောင် ကပ်ခွာအိတ်နှင့် ထည့်ထားသော WY စာတမ်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀၀ ပါ အထုတ် ၂၃ ထုတ်ကို တွေ့ရှိခဲ့ကြောင်း ယင်းစခန်းမှတ်တမ်းမှ သိရသည်။

ယင်းအပြင် အဆိုပါ အိတ်အတွင်း၌ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၆၄ ပြားပါ အထုတ် တစ်ထုတ်နှင့် WY စာတမ်းပါ အစိမ်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၄၈ ပြား၊ စုစုပေါင်းဆေးပြား ၄၈၁၂ ပြား ဖမ်းဆီးရရှိခဲ့ကြောင်း ယင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ယာဉ်မောင်းဖြစ်သူ ဦးလှသောင်းသည် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ သဲချောင်းကျေးရွာတွင် နေထိုင်သူဖြစ်ပြီး၊ အဆိုပါ ဆေးပြားများကို လွန်ခဲ့သော ၄ ရက်ခန့်က မော်လမြိုင်မြို့ ဈေးကြိုကားဝန်းရှေ့တွင် အမည်မသိ အသက် ၄၀ ကျော်ခန့် အမျိုးသားတစ်ဦးထံမှ ဝယ်ယူခဲ့ကြောင်း အဆိုပါစခန်းမှ သိရသည်။

ဦးလှသောင်းသည် အမည်မသိသူ အမျိုးသားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားပါ တစ်ထုပ်လျှင် ငွေတစ်သိန်းကျပ်ဖြင့် ဆေးပြား ၂၅ ထုပ်ကို ဝယ်ယူခဲ့ပြီး ပြန်လည်ရောင်းချရာမှ ကျန်ရှိနေသည့် ဆေးပြားများ ဖြစ်ကြောင်း ယင်းစခန်း မှတ်တမ်းတွင် ဖော်ပြထားသည်။

စိတ်ကြွရူးသွပ်ဆေးပြားများကို လက်ဝယ်တွေ့ရှိခဲ့သည့် ယာဉ်မောင်း ဦးလှသောင်းနှင့် အမည်မသိ အသက် ၄၀ ကျော်ခန့်ရှိ အမျိုးသားတို့ကို တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် ဆောင်ရွက်ထားရှိကြောင်း အဆိုပါ စခန်းမှတ်တမ်းအရ သိရသည်။

Written by – ထိုက်ထိုက်

Leave a Reply